သမိုင်းတကွေ့မှ ဗိုလ်ရဲထွဋ်
သန်းဝင်းလှိုင်
မေ ၂၀၊ ၂၀၁၂
မြန်မာ့လွတ်လပ်ရေးသမိုင်းအကြောင်းကိုပြောမည်ဆိုလျှင် သမိုင်းတကွေ့မှ
ရဲဘော်သုံးကျိပ်၏အခန်းကဏ္ဍကို ချန်လှပ်၍မရချေ။ မျိုးချစ်လူ
ငယ်များဖြင့်ဖွဲ့စည်းခဲ့သော ရဲဘော်သုံးကျိပ်အဖွဲ့ဝင်များအနက်
အသက်အငယ်ဆုံးနှင့် ယနေ့တိုင် သက်ရှိထင်ရှားရှိနေသည့် ရဲဘော်သုံးကျိပ်
နှစ်ဦးအနက် ဗိုလ်မှူးရဲထွဋ်နှင့် ဗိုလ်မှူးချုပ်ကျော်ဇောတို့သာ
ကျန်ရှိတော့သည်။ ဗိုလ်မှူးရဲထွဋ်သည် ယခုအခါ အသက် ၉၀ ပြည့်၍ ၉၁ နှစ်
အတွင်းသို့ ချင်းနင်းဝင်ရောက်နေပြီဖြစ်သည်။
အသားလတ်လတ်အရပ်ရှည်ရှည်၊ ဝဝဖိုင့်ဖိုင့်၊ ဥပဓိရုပ်ကောင်းကောင်း
ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးရဲထွဋ်ကို ကျနော်သည်
ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိဖြစ်ရပ်မှန်ပြုစုရေးကော်မတီ၌
အတူတကွဆောင်ရွက်ရင်း အနီးကပ်လေ့လာခွင့်ရခဲ့သည်။ ဗိုလ်မှူးရဲထွဋ်သည်
ယင်းကော် မတီ၌ နာယကဖြစ်ပြီး သခင်တင်မြ၊ သခင်လှထွန်း (ယခုကွယ်လွန်)၊
ရဲဘော်ဘခက်၊ ဦးချစ်လှိုင် (ကိုကိုမောင်ကြီး)၊ ဦးဇော်လင်း၊ ကိုအုံးမြင့်၊
ကိုကျော်အောင် (ရွှေပြည်တန်)၊ ကိုတင်ထွန်း၊ ဦးထင်လင်း
(ကီးတော်ကျန်စားသောက်ဆိုင်ပိုင်ရှင်) နှင့် သန်းဝင်းလှိုင်တို့ပါဝင်ကြသည်။
ဗိုလ်မှူးရဲထွဋ်သည် အချိန်နှင့်စည်းကမ်းကို တန်ဖိုးထားကာ၊
ဗိုလ်ချုပ်အောင်ဆန်းကို ကြည်ညိုလေးစား၍ ချစ်ခင်သူဖြစ်သည်။ ဗိုလ်ချုပ်
အောင်ဆန်းနှင့်လည်း နှစ်ပေါင်းများစွာ အတူတကွနေထိုင်ခဲ့သူဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိနှင့်ပတ်သက်၍ လွဲမှားနေမှုများ၊
မြန်မာ့သမိုင်း၌တိမ်မြှုပ်နေသော သမိုင်းအထောက်အထားဖြစ်ရပ်မှန်များကို
အရွယ်နှင့်မမျှအောင် ယနေ့တိုင်မှတ်မိနေဆဲဖြစ်သည်။ အချက်
အလက်များမှားယွင်းနေလျှင် ချက်ချင်းပြုပြင်ပေးသည်။ ဗိုလ်မှူးရဲထွဋ်ကဲ့သို့
မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း၌ ကိုယ်တိုင်ပါဝင်ခဲ့သော
သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦးနှင့်အတူ ကော်မတီတွင် ပါဝင်ဆောင်ရွက်ခဲ့ရသည့်အတွက်
ယနေ့တိုင် ဝမ်းမြောက်ဝမ်းသာဂုဏ်ယူနေမိသလို သတိ တရရှိနေဆဲပင် ဖြစ်သည်။
ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရဲထွဋ်ကို ၁၉၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင်
ရန်ကုန်မြို့ တာမွေကလေးရပ်၌ အဖဦးဘိုးလွင်၊ အမိဒေါ်စော ရှင်တို့မှ
ဖွားမြင့်ခဲ့သည်။ ငယ်မည်မှာ မောင်အောင်သိန်းဖြစ်သည်။
ရန်ကုန်မြို့ ကန်တော်ကလေးမြူနီစီပယ်ကျောင်းမှ ဒဿမတန်းအောင်မြင်ခဲ့သည်။
ထို့နောက် အထက်တန်းဆရာဖြစ် သင်တန်း အောင်မြင်ခဲ့ သည်။ ၁၉၃၆-၃၇ တွင်
ဆာမောင်ကြီး၏ ရဲတပ်တွင် ပါဝင်ခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သော
၁၃၀၀ပြည့်ကျောင်းသားအရေးတော်ပုံတွင် မြူနီစီပယ်ကျောင်းမှ
သပိတ်မှောက်ကျောင်းသားခေါင်းဆောင်အဖြစ်ပါဝင်ခဲ့သည်။ ၁၉၃၉-၄၀ တွင်
မြူနီစီပယ်ကျောင်း၌ ဖွဲ့စည်းခဲ့သော ကျောင်းသားများသမဂ္ဂအဖွဲ့၌
ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့သည်။
ထို့နောက် ဂျပန်နိုင်ငံသို့
စစ်ပညာသင်ကြားရန် စေလွှတ်သည့် ဒုတိယအသုတ်
မြန်မာမျိုးချစ်လူငယ်များဖြစ်ကြသည့် သခင်စိုး (ဗိုလ်မြင့် အောင်)၊
သခင်သန်းတင် -၂ (ဗိုလ်မြဒင်)၊ သခင်ထွန်းရွှေ(ဗိုလ်လင်းယုန်) တို့နှင့်အတူ
၁၉၄၁ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် ကိုင်ရှိုမာရှူး (Kaisho Maru) သဘောင်္ဖြင့်
မြန်မာနိုင်ငံမှ ဂျပန်သို့ထွက်ခွာခဲ့သည်။ ၁၉၄၁ ခုနှစ် ဧပြီ ၂၈ ရက်နေ့တွင်
ဂျပန်နိုင်ငံ အိုဆာကာမြို့သို့ ရောက်ရှိ ခဲ့သည်။ ထိုမှတဆင့် ၁၉၄၁ ခုနှစ်
မေလ ၉ ရက်နေ့တွင် လေယာဉ်ဖြင့် တိုကျိုမြို့မှ
ဟိုင်နန်ကျွန်းသို့သွားရောက်ကာ ဟိုင်နန်ကျွန်းနှင့် ထိုင်
ဝမ်ကျွန်းတို့တွင် စစ်ပညာသင်ကြားခဲ့သည်။
မြန်မာမျိုးချစ်လူငယ်များအား စစ်ပညာများသင်ကြားရန် တာဝန်ယူထားသော
မီနာမီအဖွဲ့သည် တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ကျွန်း (Hainan) တွင်
စစ်ကျောင်းတစ်ကျောင်း ဖွင့်လှစ်ရန် ကြိုတင်စီစဉ်ထားခဲ့သည်။
ဟိုင်နန်ကျွန်းရှိ စန်းယ (Sanya) မြို့တွင် ဂျပန်ရေတပ်မတော်၏
ရှေ့တန်းစခန်းအခြေစိုက်တည်ရှိသည်။ မီနာမီအဖွဲ့မှာ ဂျပန်ကြည်း
တပ်မတော်နှင့်ရေတပ်မတော်တို့ ပူးပေါင်းဖွဲ့စည်းထားသောအဖွဲ့ဖြစ်၍
ဟိုင်နန်စစ်သင်တန်းကျောင်း ဆောက်လုပ်ရေး နှင့် သင်တန်းအတွက်
စားနပ်ရိက္ခာထောက်ပံ့ရေးကို ဂျပန်ရေတပ်က တာဝန်ယူဆောင်ရွက်ပြီး၊
စစ်ပညာသင်ကြားရေးကို ဂျပန်ကြည်းတပ်မတော်က တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။
ဂျပန်စစ်အာဏာပိုင်တို့သည် စန်းယစစ်သင်တန်းကျောင်းနှင့်ပတ်သက်၍
အစွမ်းကုန်လျှို့ဝှက်ထားပြီး တရားဝင်အားဖြင့် အရှေ့တောင်အာရှ ဖွံ့ဖြိုးရေး
စန်းယတောင်သူလယ်သမားသင်တန်းကျောင်းဟု အမည်မှည့်ခေါ်ထားသည်။
သင်တန်းကျောင်းအတွက် စားနပ်ရိက္ခာများကို ရေတပ်က ထောက်ပံ့ရသဖြင့်
ရေတပ်နှင့်တွဲဖက်နေသယောင် ထင်မြင်စေရန် စန်းယစစ် သင်တန်းကျောင်းသားများအား
ရေတပ်ဝတ်စုံများကို ဝတ်ဆင်စေခဲ့သည်။ မြန်မာမျိုးချစ်လူငယ်များအား
စစ်ပညာသင်တန်းပေးနေသည့်အကြောင်းကို ဗြိတိန် သို့မဟုတ် ရန်သူဖြစ်ရန် အလား
အလာရှိသည့်နိုင်ငံတို့သိရှိသွားပါက
အပြည်ပြည်ဆိုင်ရာပြဿနာတစ်ခုဖြစ်လာနိုင်ပါသည်။ ထို့ကြောင့်
မြန်မာမျိုးချစ်လူငယ်များအား ဂျပန် အမည်များပေးပြီး
စစ်တန်းလျားအပြင်ဘက်တွင် မြန်မာစကားပြောခြင်း၊ မြန်မာအပြု
အမူများပြုလုပ်ခြင်းများကို ရှောင်ကြဉ်ရန်နှင့် ဂျပန်လူ မျိုး
ကျောင်းသားများပုံစံအတိုင်း သွားလာနေထိုင်ရန် ညွှန်ကြားထားသည်။
ဗိုလ်ရဲထွဋ်၏ ဂျပန်အမည်မှာ ဟာယာရှိ (Hayashi) ဖြစ်ပြီး ဂျပန်ဘာသာဖြင့်
‘ဦးသစ်သား’ ဟု အဓိပ္ပါယ်ရသည်။ ဂျပန်တို့သည် စန်းယစစ်ပညာ သင်တန်းကျောင်းကို
၁၉၄၁ ခုနှစ်ဧပြီလ၂၅ ရက်နေ့တွင် စတင်ဖွင့်လှစ်ကာ
မြန်မာမျိုးချစ်လူငယ်များကို စစ်ပညာများသင်ကြားပေးခဲ့သည်။
စစ်သင်တန်း၏အဓိကရည်ရွယ်ချက်မှာ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲတွင်
တပ်မှူးကောင်းများအဖြစ်ဦးဆောင်နိုင်ရန်
လက်နက်မျိုးစုံကိုင်တွယ်ပစ်ခတ်နိုင်ရန်နှင့်
စိတ်ဓာတ်ကြံ့ခိုင်မှုရှိရန်တို့အတွက် ဖြစ်သည်။
ဟိုင်နန်စစ်သင်တန်းတွင် မြန်မာမျိုးချစ်လူငယ်များကို တပ်ဖွဲ့သုံးဖွဲ့ခွဲ၍
သင်တန်းပေးခဲ့သည်။ တပ်ဖွဲ့(၁) သည် အခြေခံစစ်ပညာလက်နက် ကြီးနှင့်
လက်နက်ငယ်မျိုးစုံကိုင်တွယ်ပစ်ခတ်နည်းများ၊ ခံစစ်ပညာနှင့် ညတိုက်ပွဲများကို
အလေးထားသင်ယူရပြီး မြန်မာ့လွတ်လပ်ရေးတိုက် ပွဲတွင်
တိုက်ခိုက်ရေးတာဝန်ထမ်းဆောင်ရန်ဖြစ်သည်။ တပ်ဖွဲ့ (၁) တွင် သခင်စံမြ
(ဗိုလ်တောက်ထိန်)၊ သခင်စံလှိုင် (ဗိုလ်မှူးအောင်)၊ သ ခင်စိုး
(ဗိုလ်မြင့်အောင်)၊ သခင်တင်အေး (ဗိုလ်ဘုန်းမြင့်)၊ သခင်ထွန်းလွင်
(ဗိုလ်ဗလ)၊ သခင်ဘဂျမ်း (ဗိုလ်လရောင်)၊ သခင်မောင်မောင် (ဗိုလ်ဉာဏ)၊ ကိုရွှေ
(ဗိုလ်ကျော်ဇော)၊ သခင်လှ (ဗိုလ်မင်းရောင်)၊ သခင်လှမြိုင် (ဗိုလ်ရန်အောင်)၊
သခင်သန်းညွှန့် (ဗိုလ်ဇင်ယော်)၊ သခင် အေးမောင် (ဗိုလ်မိုး)နှင့်
ကိုအောင်သိန်း (ဗိုလ်ရဲထွဋ်) တို့ ပါဝင်ကြသည်။ တပ်ဖွဲ့(၂) သည်
အခြေခံစစ်ပညာ၊ ဖောက်ခွဲဖျက်ဆီးရေးနည်းပညာ များ၊
ထောက်လှမ်းရေးနှင့်ဆက်သွယ်ရေးပညာရပ်များကို အလေးထားသင်ယူရပြီး
မြန်မာ့လွတ်လပ်ရေးတိုက်ပွဲတွင် ထောက်လှမ်းရေးနှင့် ဖျက်ဆီးရေးလုပ်ငန်းများ
ဆောင်ရွက်ရန်ဖြစ်သည်။ တပ်ဖွဲ့ (၂) တွင် သခင်ရှုမောင် (ဗိုလ်နေဝင်း)၊
သခင်ကျော်စိန်(ဗိုလ်မိုးညို)၊ သခင်မောင် ဦး (ဗိုလ်တာရာ)၊ သခင်ငွေ
(ဗိုလ်စောအောင်)၊ သခင်စောလွင် (ဗိုလ်မင်းခေါင်)၊ ကိုထွန်းရှိန်
(ဗိုလ်ရန်နိုင်)၊ သခင်ထွန်းရွှေ(ဗိုလ်လင်းယုန်)၊ သခင်သစ် (ဗိုလ်စောနောင်)၊
သခင်သန်းတင်-၂ (ဗိုလ်မြဒင်) တို့ ပါဝင်ခဲ့ကြသည်။ တပ်ဖွဲ့ (၃) သည်
အခြေခံစစ်ပညာ၊ စစ်ဘက်နယ်ဘက် အထွေထွေအုပ်ချုပ်မှုပညာရပ်များကို သင်ယူရပြီး
မြန်မာ့လွတ်လပ်ရေးတိုက်ပွဲ စစ်ဦးစီးတာဝန်ယူ နိုင်ရန်ဖြစ်သည်။ တပ်ဖွဲ့(၃)
သခင်အောင် ဆန်း (ဗိုလ်တေဇ)၊ သခင်ထွန်းခင် (ဗိုလ်မြင့်ဆွေ)၊ သခင်လှဖေ
(ဗိုလ်လက်ျာ)၊ ကိုလှမောင် (ဗိုလ်ဇေယျ)၊ သခင်အောင်သန်း (ဗိုလ်စကြာ) တို့
ပါဝင်ခဲ့ကြသည်။
ရဲဘော်သုံးကျိပ်အနက် သခင်ထွန်းအုပ်သည်
ဂျပန်နိုင်ငံတိုကျိုမြို့တွင် အုပ်ချုပ်ရေးပညာဆည်းပူးနေ၍လည်းကောင်း၊
ကိုဆောင်း (ဗိုလ်ထိန် ဝင်း) သည် မီနာမီအဖွဲ့၏တာဝန်ပေးချက်အရ
ထိုင်းမြန်မာနယ်စပ်ကို လျှို့ဝှက်စွဖြတ်ကျော်ရောက်ရှိလာမည့်
မြန်မာမျိုးချစ်လူငယ်များကို စောင့်ကြိုရန်တာဝန်ဖြင့် ဇင်းမယ် (ချင်းမိုင်)
တွင် တာဝန်ထမ်းဆောင်နေ၍လည်းကောင်း၊ သခင်သန်းတင်- ၁ သည်
ထိုင်းနိုင်ငံဘန်ကောက်မှ ဂျပန်နိုင်ငံသို့သွားရောက်စဉ်
တိုင်ပေမြို့တွင်ကွယ်လွန်သွား၍လည်းကောင်း၊ ဟိုင်နန်စစ်သင်တန်းကျောင်းတွင်
မြန်မာမျိုးချစ်လူငယ် (၂၇)ဦးသာ စစ်သင်တန်းတက်ခဲ့ရသည်။
ထို့နောက်
၁၉၄၁ ခုနှစ် ဒီဇင်ဘာလ၂၆ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ
မြန်မာလူမျိုးမျက်စိအထူးကုဆရာဝန်ကြီး ဦးလွန်းဖေ၏ နေအိမ်တွင်
လက်မောင်းသွေးဖောက်၍ ကတိသစ္စာပြုကာ ဗိုလ်အမည်များခံယူရာတွင်
ကိုအောင်သိန်းသည် ဗိုလ်ရဲထွဋ်ဖြစ်လာခဲ့သည်။ ယင်းနောက် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ
၂၇ ရက်နေ့တွင် ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ)
စတင်ဖွဲ့စည်းထူထောင်ရာတွင် ပါဝင်ခဲ့ သည်။
ဗိုလ်ရဲထွဋ်သည်
မြန်မာနိုင်ငံအတွင်းသို့ ချီတက်တိုက်ခိုက်ရန် စစ်သေနာပတိချုပ်
ဗိုလ်ချုပ်ကြီး ဗိုလ်မိုးကြိုး၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်မူရာကာမီ၊
စစ်ဦးစီး ဗိုလ်တေဇ (ဗိုလ်ချုပ်အောင်ဆန်း) စစ်ဦးစီးအရာရှိ
ဗိုလ်ရန်အောင်တို့ ပါဝင်သော ဘီအိုင်အေစစ်ဋ္ဌာနချုပ်
မော်လမြိုင်စစ်ကြောင်းတွင် ပါဝင်၍ ဗြိတိသျှတို့ကို တိုက်ခိုက်ရန် ၁၉၄၂
ခုနှစ်ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ဘန်ကောက်မြို့မှရဟိုင်းမြို့သို့
စတင်ထွက်ခွာခဲ့သည်။ လှိုင်း ဘွဲ့မြို့သိမ်းတိုက်ပွဲနှင့်
ကတိုင်တိတိုက်ပွဲတို့တွင် ရွံ့ရွံ့ချွန်ချွန် ပါဝင်တိုက်ခိုက်ခဲ့မှုကြောင့်
ဗိုလ်ရဲထွဋ်အား ဂျပန်စစ်ဗိုလ်များပင် ချီးကျူးခဲ့ရပြီး ဘီအိုင်အေ၏
သူရဲကောင်းတံဆိပ် (ဒုတိယအဆင့်) ရရှိခဲ့သည်။
၁၉၄၂ ခုနှစ်၊
ဧပြီလတွင် ဗိုလ်ရဲထွဋ်သည် ဘီအိုင်အေတပ်မဟာ ၃ တပ်မှူးအဖြစ် ဆောင်ရွက်ခဲ့သည်။
၁၉၄၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် ဘီအိုင်အေကိုဖျက်သိမ်း၍
ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) ဖွဲ့စည်းသောအခါ
ဘီဒီအေတပ်ရင်း၁တပ်ရင်းမှူးအဖြစ်လည်းကောင်း၊ ၁၉၄၃ တွင် ဘီဒီအေတပ်ရင်း ၅
တပ်ရင်းမှူးအဖြစ်လည်းကောင်း၊
စစ်ဦးစီးဋ္ဌာနချုပ်အထွေထွေဋ္ဌာနကြီးမှူးအဖြစ်လည်းကောင်း တာဝန် ထမ်း
ဆောင်ခဲ့သည်။ ထိုစဉ်အတွင်းမှာပင် ဗမာပြည်ကွန်မြူနစ်ပါတီနှင့်
စတင်ဆက်သွယ်မိခဲ့သည်။
၁၉၄၄ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့တွင်
ဗိုလ်ချုပ်အောင်ဆန်းဆန္ဒအရ ဗိုလ်မှူးကြီးနေဝင်း ပြည်သူ့အရေးတော်ပုံပါတီမှ
ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့နှင့်အတူ ဗိုလ်မှူးရဲထွဋ်သည် ဒေးဒရဲမြို့ရှိ
သခင်စိုးထံ လျှို့ဝှက်စွာသွားရောက်၍ ဖက်ဆစ်တိုက်ဖျက်ရေးပြည်သူ့အဖွဲ့ချုပ်
တိုးချဲ့ဖွဲ့စည်းရေး၊ တပ်မတော်အတွင်းရှိ လက်ဝဲအင်အားစုများ၊
ပြည်သူ့အရေးတော်ပုံပါတီနှင့် ကွန်မြူနစ်ပါတီတို့ကို တပါတီတည်းအဖြစ်
ပူးပေါင်းဖွဲ့စည်းရေးနှင့် ဖက်ဆစ်ဂျပန်တော်လှန်ရေးအတွက်
ပြင်ဆင်မှုလုပ်ငန်းများပြုလုပ်ရေးတို့ ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ဗိုလ်မှူးရဲထွဋ်သည် ၁၉၄၅ ခုနှစ် မတ်လ၁ရက်နေ့မှ ၃
ရက်နေ့အထိကျင်းပသော ဖတပလအစည်းအဝေးသို့ တက်ရောက်ခဲ့ သည်။ ထိုအစည်းအဝေးတွင်
ဖက်ဆစ်ဂျပန်တို့အား တော်လှန်တိုက်ခိုက်ရန်
အစီအစဉ်များချမှတ်ရာတွင်လည်းပါဝင်ခဲ့သည်။ ဖက်ဆစ်တော် လှန်ရေးကာလတွင်
တိုင်း- ၆ မိတ္ထီလာ၊ ပျဉ်းမနား၊ တောင်ငူနှင့် တောင်ပိုင်းရှမ်းပြည်
တိုင်းမှူးအဖြစ်တာဝန်ယူ၍ ဖက်ဆစ်ဂျပန်တို့ကို တော် လှန်တိုက်ခိုက်ခဲ့သည်။
ဖက်ဆစ်ဂျပန်တော်လှန်ရေးအပြီး ၁၉၄၅ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့မှ ၁၅
ရက်နေ့အထိကျင်းပခဲ့သော ဖက်ဆစ်တိုက်ဖျက်ရေးနှင့်ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်
ဗဟိုဦးစီးအဖွဲ့အစည်းအဝေးသို့ ဗိုလ်ရဲထွဋ်သည်
ဗမာ့တပ်မတော်ခေါင်းဆောင်အဖြစ် တက်ရောက်ခဲ့သည်။
၁၉၄၆ ခုနှစ်တွင်
ဗမာ့တပ်မတော်တပ်ရင်း ၅ သို့ ဒုခွဲမှူးအဖြစ် ပြန်လည်ဝင်ရောက်၍ များမကြာမီပင်
တပ်ရင်း- ၅ ၏တပ်ခွဲမှူးအဖြစ် ၁၉၄၇ ခုနှစ်အထိ ဆောင်ရွက်ခဲ့သည်။ ၁၉၄၈
ခုနှစ်တွင် မင်္ဂလာဒုံရှိ ဗမာ့တပ်မတော် တပ်ရင်း- ၃ သို့ပြောင်းရွှေ့၍
ဒုတပ်ရင်းမှူးအဖြစ် ဆောင်ရွက် ခဲ့သည်။ ၁၉၄၈ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင်
ဥက္ကဋ္ဌဗိုလ်ချုပ်နေဝင်း၊ အတွင်းရေးမှူးဦးသိန်းဖေမြင့်တို့ပါဝင်သော
လက်ဝဲညီညွတ်ရေး ကော်မတီဖွဲ့စည်းရာတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။
ယင်းနောက် မင်္ဂလာဒုံရှိ ဗမာ့တပ်မတော်တပ်ရင်း-၃ ၌ ဒုဗိုလ်မှူးကြီးအဆင့်အဖြစ်
တပ်ရင်းမှူးတာဝန်ထမ်းဆောင်နေစဉ်အတွင်း ၁၉၄၈ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့တွင်
တပ်ရင်း- ၃ နှင့် သယ်ယူပို့ဆောင်ရေးတပ်မှ တပ်သား ၃၅၀ ကိုဦးဆောင်ကာ
တောခိုခဲ့သည်။ ထိုနေ့မတိုင်မီ သြဂုတ်လ ၉ ရက်နေ့တွင် သရက်မြို့ရှိ
ဗမာ့တပ်မတော်တပ်ရင်း-၁ မှ ဒုတပ်ရင်းမှူး ဗိုလ်စိန်တင်သည် တပ်ရင်း-၁
မှရဲဘော်များကို ဦး ဆောင်၍ ဦးစွာတောခိုခဲ့သည်။
၁၉၄၈ ခုနှစ်မှ
၅၀ ခုနှစ်အထိ တောခိုတပ်၏ ဒုတိယခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၄၉
ခုနှစ် မတ်လ၂၄ ရက်နေ့တွင် ပြည်မြို့၌ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ပြည်သူ့ရဲဘော်
(ဖြူ) နှင့် တော်လှန်သောဗမာ့တပ်မတော်တို့ပူးပေါင်း၍
ပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစုကိုဖွဲ့စည်း ရာတွင် ရှေ့တန်းမှပါဝင်ခဲ့သည်။
၁၉၅၀ ပြည့်နှစ်တွင် ပြည်သူ့ ဒီမိုကရေစီတပ်ပေါင်းစု ပြိုကွဲသွားခဲ့သည်။
တော်လှန်သောဗမာ့တပ်မတော်ကို ဖျက်သိမ်းလိုက်ရသည်။ ယင်းနောက်
တောခိုတပ်များနှင့် ဗမာပြည်ကွန်မြူနစ်ပါတီ၏လက်နက်ကိုင်တပ်များ
ပူးပေါင်းခဲ့သည်။ ထို့နောက် ဗိုလ်ရဲထွဋ်သည် ၁၉၅၀ ပြည့်နှစ် မတ်လ ၅
ရက်နေ့တွင် တောင်ငူမြို့နေ ပြည်မင်းကြီးဟောင်း ယစ်မျိုးအရာရှိ ဦးဘကြည်၊
ဒေါ်ရင်တို့၏ ဒုတိယသမီး ဒေါ်ခင်ကြည်နှင့်လက်ထပ်ထိမ်းမြား၍
သားတစ်ယောက်ထွန်းကားခဲ့သည်။
၁၉၅၀ ပြည့်နှစ် စက်တင်ဘာလ ၁
ရက်နေ့တွင် လယ်ဝေးမြို့နယ် လယ်ဒကြီးစခန်း၌ ဗမာပြည်ကွန်မြူနစ်ပါတီ၏
ခေါင်းဆောင်မှုအောက်ရှိ ဗမာပြည်ကွန်မြူနစ်ပါတီ၏ အမြဲတမ်းတပ်မတော်အဖြစ်
ပြည်သူ့တပ်မတော်တွင် ဗိုလ်ရဲထွဋ် သည် ဒုတိယဗိုလ်ချုပ်ကြီး
ခန့်အပ်ခြင်းခံရသည်။ ဗမာပြည်ကွန်မြူနစ်ပါတီ၏ ပြည်သူ့တပ်မတော်ဖွဲ့စည်းပုံမှာ
…
(၁) ဗိုလ်ချုပ်မှူး သန်းထွန်း
(၂) ဒုဗိုလ်ချုပ်ကြီး ဗသိန်းတင်
(၃) ဒုဗိုလ်ချုပ်ကြီး ဇေယျ
(၄) ဒုဗိုလ်ချုပ်ကြီး သန်းမြိုင်
(၅) ဒုဗိုလ်ချုပ်ကြီး ချစ်
(၆) ဒုဗိုလ်ချုပ်ကြီး တင်ထွန်း
(၇) ဒုဗိုလ်ချုပ်ကြီး ရဲထွဋ်
(၈) ဒုဗိုလ်ချုပ်ကြီး စိန်တင်
(၉) ဒုဗိုလ်ချုပ်ကြီး စိုးမောင်
(၁၀) ဗိုလ်ချုပ် ရန်အောင်
(၁၁) ဗိုလ်ချုပ် အောင်မင်းတို့ဖြစ်ကြသည်။
ထို့အပြင် ဗိုလ်ရဲထွဋ်သည် ၁၉၅၁ ခုနှစ် ၁၉၆၃ ခုနှစ်များအတွင်း
ဗမာပြည်ကွန်မြူနစ်ပါတီ ပြည်သူ့တော်လှန်ရေးစစ်ကောင်စီတွင် အတွင်းရေး
မှူးအဖြစ် ဆောင်ရွက်ခဲ့သည်။
၁၉၅၉ ခုနှစ် မေလ၂၅ ရက်နေ့တွင်
ဖာပွန်မြို့နယ် (မဲဝိုင်) ဒေသ၌ မွန်ပြည်သစ်ပါတီ၊ ကရင်အမျိုးသားအစည်းအရုံး
(KNU) နှင့် ဗမာပြည် ကွန်မြူနစ်ပါတီ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊
ချင်းဦးစီးအဖွဲ့တို့ပူးပေါင်း၍ စတင်ဖွဲ့စည်းခဲ့သော
အမျိုးသားဒီမိုကရေစီညီညွတ်ရေးတပ်ပေါင်းစု (မဒညတ) တွင် ဗကပကိုယ်စားလှယ်အဖြစ်
သခင်ဇင်၊ သခင်ချစ်တို့နှင့်အတူ ဗိုလ်ရဲထွဋ်သည် ပါဝင်ဆောင်ရွက်ခဲ့သည်။
အမျိုးသားညီညွတ်ရေးတပ်ပေါင်းစု (မဒညတ) တွင် ပါဝင်ခဲ့သူများမှာ အောက်ပါအတိုင်းဖြစ်သည်။
• ကရင်အမျိုးသားအစည်းအရုံးမှ
(၁) မန်းဘဇန်
(၂) ဗိုလ်ချုပ်ကော်ထူး (စောကျော်မြသန်း)
• မွန်ပြည်သစ်ပါတီမှ
(၁) နိုင်အောင်ထွန်း
(၂) နိုင်ရွှေကျင်
• ဗမာပြည်ကွန်မြူနစ်ပါတီမှ
(၁) သခင်ဇင်
(၂) သခင်ချစ်
(၃) ဗိုလ်ရဲထွဋ်
• ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ
(၁) ဦးဘိုးကျော်
• ချင်းဦးစီးအဖွဲ့မှ
(၁) ဆလိုင်းစံအောင် တို့ဖြစ်ကြသည်။
ဤကဲ့သို့ သမိုင်းအစဉ်အလာကြီးမားခဲ့သော ဗိုလ်ရဲထွဋ်သည် ၁၉၅၈ ခုနှစ်
အောက်တိုဘလ ၂၄ ရက်နေ့တွင် ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ ဦးစီးခေါင်းဆောင်
ဆရာကြီးသခင်ကိုယ်တော်မှိုင်းထံ “ဗိုလ်ရဲထွဋ်၏ပေးစာ” ကို ပေးပို့ခဲ့သည်။
ယင်းစာသည် နောင်အခါတွင် “ဗိုလ်ရဲထွဋ်၏ (၂) ချက်နှင့် ဝင်ရေးလမ်းစဉ်” ဟု
အမည်တွင်ခဲ့သည်။
စာပါအကြောင်းအရာမှာ အောက်ပါအတိုင်းဖြစ်သည် …
(၁) လက်ရှိကမ္ဘာအခြေအနေ၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်အခြေအနေများအရ
မြန်မာပြည်တွင် နယ်ချဲ့သမားနှင့် ဖောက်ပြန်ရေးသမား
ငြိမ်း-ဆွေတို့၏လွတ်လပ်မှုဆုံးရေး
ဒီမိုကရေစီဆိတ်သုဉ်းရေးလုပ်ကြံမှုအန္တရာယ်သည်
တနေ့တခြားကြီးမားစွာရင်ဆိုင်လာရသဖြင့် အရေး တကြီး ကာကွယ်ရန်လိုအပ်ပါသည်။
ရဟန်းရှင်လူပြည်သူအပေါင်းတို့သည် တိုင်းပြည်၏ဘေးအန္တရာယ်ကို
အမျိုးသားညီညွတ်ရေးအားဖြင့် တားဆီးနိုင်ရန် လက်ရှိပြည်တွင်းစစ်ကို
အမြန်ဆုံးရပ်စဲ၍ ပြည်တွင်းငြိမ်းချမ်းရေးကိုတည်ဆောက်ရန်
အပူတပြင်းတောင်းဆိုနေပါသည်။
ထို့ကြောင့်
ဗမာပြည်ကွန်မြူနစ်ပါတီသည် ပြည်တွင်းစစ်ရပ်စဲ၍ ပြည်တွင်းငြိမ်းချမ်းရေးကို
အမြန်ဆုံးတည်ဆောက် နိုင်ရန် အောက်ပါတင်ပြ ချက်ကို
ဆရာကြီးသခင်ကိုယ်တော်မှိုင်းကြီးမှူးသော
ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့မှတဆင့်
ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရနှင့် ပြည်သူ လူထုအား
လေးစားစွာတင်ပြအပ်ပါသည်။
(၂) ဗမာပြည်ကွန်မြူနစ်ပါတီသည်
ပြည်သူတို့၏တောင်းဆိုချက်အရ အစိုးရကပြဋ္ဌာန်းထားသော
သင်ပုန်းချေလွတ်ငြိမ်းခွင့်နှင့် ပါတီတရားဝင် ထူထောင်ခွင့်ကို
မူအားဖြင့်လက်ခံပါသည်။ ၎င်းအရ ဥပဒေအတွင်းဝင်ရောက်၍ ဒီမိုကရေစီနည်းအရ
တရားမျှတသောရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိုပါသည်။
ဥပဒေအတွင်းသို့ဝင်ရောက်နိုင်ရန်နှင့် ရွေးကောက်ပွဲတွင်
လွတ်လပ်စွာယှဉ်ပြိုင်ဝင်နိုင်ရန် အောက်ပါအချက်များကို ကတိပြုဆောင်ရွက်
စေလိုပါသည်။
(က) ဗမာပြည်ကွန်မြူနစ်ပါတီနှင့်ပတ်သက်၍ အကျဉ်းသမားများအားလုံးကို လွှတ်ရန်။
(ခ)လာမည့်ရွေးကောက်ပွဲတွင် ကွန်မြူနစ်ဝါဒကို လက်ခံသည်ဖြစ်စေ
လက်မခံသည်ဖြစ်စေ ကွန်မြူနစ်ပါတီအပါအဝင် မည်သည့်တရားဝင်ပါတီအဖွဲ့အစည်းမဆို
တန်းတူရည်တူလုံးဝလွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ပြုရန်။
အထက်ပါအချက်များကို ကတိပြုချက်ခိုင်မာစွာရရှိလျှင် ဗမာပြည်ကွန်မြူနစ်ပါတီသည်-
က။ လက်နက်ခဲယမ်းများအားလုံးကို ပြည်ထောင်စုအစိုးရသို့လွှဲအပ်ပေးမည်။
ခ။ လက်နက်ကိုင်တိုက်ပွဲမှ ဥပဒေတွင်းတိုက်ပွဲသို့ ကူးပြောင်း၍ ဥပဒေအတွင်း ဝင်ရောက်မည်။
ဂ။ ကန့်သတ်ထားသောအချိန်အတွင်း ဥပဒေအတွင်းဝင်ရောက်မလာသော မိမိပါတီဝင်များကို အဆက်ဖြတ်မည်။
တဖက်နှင့်တဖက်ပြေလည်ရန် အာဃာတကင်းစွာ အထက်ပါလုပ်ငန်းများကို
အကောင်အထည်ဖော်ရန်နှင့် ဥပဒေအတွင်းသို့ ချောမောစွာ ဝင်နိုင်ရေးအတွက်
နှစ်ဖက်သဘောတူသည့် နေ့ရက်မှစ၍ အတိုက်အခိုက်ရပ်စဲရန်။
(၃)
ဗမာပြည်ကွန်မြူနစ်ပါတီသည် နှစ်ဖက်ပြေလည်မှုဖြင့် ငြိမ်းချမ်းရေးရစေရန်
တွေ့ဆုံဆွေးနွေးရေးကို အကြိမ်ကြိမ် တင်ပြခဲ့ပါသည်။ ဦးနု အစိုးရက
မလိုက်လျောခဲ့ပါက ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့နှင့် တွေ့ဆုံခွင့်ကိုလည်း
လုံခြုံမှု အာမခံချက်မပေးခဲ့ပါ။ သို့ရာတွင် ဦးနု အစိုးရက
တွေ့ခွင်ပြုထားသေးသည့်အတွက် ဘေးအန္တရာယ်များရှိလင့်ကစား
ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့မှ မိန့်ကြားချက်များကိုကြားနာရင်း ကျွန်
တော်တို့၏အခက်အခဲများကိုလည်း ဖြေရှင်းနိုင်ရန်
အထက်ပါအဖြစ်နိုင်ဆုံးတင်ပြချက်ကို တင်ပြအပ်ပါသည်။
ထပ်မံရှင်းလင်းရန်လိုအပ်သေးသည်ထင်ပါက ဆရာကြီးတို့မှတဆင့်ဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ မေးမြန်းဖြေရှင်းနိုင်ပါသည်။
(၄) ရဟန်းရှင်လူပြည်သူအပေါင်းတို့သည် အထက်ဖော်ပြပါ သူမနာကိုယ်မနာ
နှစ်ဘက်ပြေလည်မှုရရှိစေမည့် ပြည်တွင်းငြိမ်းချမ်းရေးကို အ ကောင်အထည်ပေါ်အောင်
အစွမ်းကုန်ဝိုင်းဝန်းကြိုးပမ်းကြပါရန် ဗမာပြည်ကွန်မြူနစ်ပါတီက အလေးအနက်
ပန်ကြားလိုက်ပါသည်။
(ပုံ) ရဲထွဋ်
(ဗဟိုကော်မတီကိုယ်စားလှယ်)
၁၉၅၈ခု၊ အောက်တိုဘာလ ၂၄ ရက်။
………… ………..
ဗိုလ်ရဲထွဋ်၏တင်ပြချက်ကို ဆရာကြီးသခင်ကိုယ်တော်မှိုင်းသိရှိလိုက်ရသည်။
“ငြိမ်းချမ်းရေးရနိုင်ပြီ” ဟု အားရဝမ်းသာဖြစ်သွားပြီး ထိုစဉ်က
နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုနှင့်
ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးနေဝင်းတို့ထံ ၁၉၅၈ ခုနှစ် အောက်တိုဘာလ
၂၇ ရက်နေ့တွင် ကိုယ်တိုင်သွားရောက်တွေ့ဆုံခဲ့သည်။
သို့သော်
ထိုစဉ်က နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုသည် ပါတီအတွင်း
အကွဲအပြဲများကြောင့်လည်းကောင်း၊ ဗိုလ်ချုပ်ကြီးနေဝင်းအား အိမ်စောင့်
အစိုးရအဖြစ် အာဏာလွှဲပြောင်းပေးရန်စီစဉ်နေချိန်ဖြစ်၍ တွေ့ဆုံခွင့်မရခဲ့ချေ။
ထို့အပြင် ၎င်းတို့သည် ဗိုလ်ရဲထွဋ်၏ (၂) ချက်နှင့် ဝင်ရေးလမ်း စဉ်အပေါ်၌လည်း
စိတ်ဝင်စားမှုမရှိခဲ့ချေ။ ထို့ကြောင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်း
ပြည်တွင်းငြိမ်းချမ်းရေးကြိုးပမ်းမှုသည် အရာမထင်ဖြစ် ခဲ့ရသည်။
ထို့နောက် ၁၉၆၂ ခုနှစ် မေလ ၂၁ ရက်နေ့တွင် ဗိုလ်ရဲထွဋ်သည်
ဗမာပြည်ကွန်မြူနစ်ပါတီ၏ လက်ဝဲတရားသေဝါဒ၊ လက်ဝဲ ဂိုဏ်းဂဏဝါဒနှင့်
လက်နက်ကိုင်လမ်းစဉ်ကို မယုံကြည်သဖြင့် နတ္တလင်း၊ ဇီးကုန်းနယ်ဘက်မှတဆင့်
အလင်းဝင်ရောက်ခဲ့ သည်။ ဗိုလ်ချုပ်ကြီးနေဝင်းထံသို့လည်း အကြောင်းကြားခဲ့သည်။
ဤတွင် ဗိုလ်ချုပ်ကြီးနေဝင်းက ဗိုလ်ရဲထွဋ်အားသွားရောက်ခေါ်ယူရန်အတွက်
ထိုစဉ်က ဒုတိယဗိုလ်မှူးကြီးချာလီသိမ်းရွှေအား တာဝန်ပေးစေလွှတ်ခဲ့သည်။
ဗိုလ်ရဲထွဋ်အား သူအလင်းဝင်သည့် မေလ ၂၁ ရက်နေ့မှစ၍ တပ်မတော်မှထွက်ခွင့်ပြု၍
ဇွန်လ ၁၈ ရက်နေ့အထိ ဗိုလ်မှူးလစာ (၇၆၃ ကျပ် ၇၇ ပြား)
တပ်မတော်ငွေစာရင်းဋ္ဌာနမှ ထုတ်ပေးလိုက်သည်။ ဗိုလ်ရဲထွဋ်သည် ဗိုလ်လက်ျာ၊
ဗိုလ်ဇေယျ၊ ဗိုလ်နေဝင်း၊ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောတို့ပြီးလျှင်
ဝါအရင့်ဆုံးတပ်မတော်အရာရှိဖြစ်သည်။ သူ၏ကိုယ်ပိုင်နံပါတ်မှာ (၃၅ ၀၆)
ဖြစ်သည်။
တောတွင်း၌ ၁၅နှစ်ကျော်မျှ ပင်ပန်းဆင်းရဲခဲ့သည့်ဒဏ်၊
ကျန်းမာရေးချို့တဲ့သည့်ဒဏ်၊ စိတ်ဖိစီးမှုဒဏ်များကြောင့် ဗိုလ်ရဲထွဋ်သည်
ဗိုလ်ချုပ်ကြီးနေဝင်းစီစဉ်ပေးမှုဖြင့် ဆေးရုံတက်ရောက်ကုသခဲ့ရသည်။
ယင်းနောက် တောခိုအလံဖြူကွန်မြူနစ်ပါတီမှ စစ်ရေးတာဝန်ခံကြီးများနှင့်
ပါတီထိပ်တန်းခေါင်းဆောင်များဖြစ်ကြသော ဗိုလ်ရဲထွဋ်၊ ဗိုလ် စိန်တင်၊
ဗိုလ်ရဲမောင်တို့သည် မည်သည့်အတွက် တော်လှန်ရေးကောင်စီထံ အလင်းဝင်ခဲ့ရသည်ကို
၁၉၆၃ ခုနှစ် မေလ ၂၁ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။
ထို့နောက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီသို့ဝင်ရောက်၍
နိုင်ငံရေးဆောင်ရွက်ခဲ့သည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီတွင် လူထုရေးရာ
ကော်မတီအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၆၄ ခုနှစ် မတ်လ ၂ ရက်နေ့တွင်
တော်လှန်ရေးကောင်စီ၏ အကြံပေးအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။
မဆလပါတီဗဟိုရေးရာဋ္ဌာနကြီး၏ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၇၂ ခုနှစ်
အောက်တိုဘာလ ၉ ရက် နေ့တွင် မဆလပါတီဋ္ဌာနချုပ်
သမဝါယမစိုက်ပျိုးမွေးမြူရေးနှင့် သစ်တောရေးရာကော်မတီတွင်
အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင် ခဲ့သည်။ ယင်းနောက် ၁၉၇၇ ခုနှစ်
နိုဝင်ဘာလ ၁၆ ရက်နေ့တွင် အရေးပေါ်ပါတီညီလာခံ၌ ပါတီသန့်စင်ရေးအရ
ဗိုလ်ရဲထွဋ်အပါအဝင် ပါတီ ဗဟိုကော်မတီဝင် ၅၀ ထုတ်ပယ်ခံရသည်။
ထို့နောက် ရှစ်ဆယ့်ရှစ်ဒီမိုကရေစီအရေးတော်ပုံကြီးဖြစ်ပွားနေစဉ်အတွင်း ၁၉၈၈
ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့သည့်
တပ်မတော်တပ်မှူးဟောင်းများနှင့်ရဲဘော်ဟောင်းများအဖွဲ့၌ ဦးဆောင်အဖွဲ့တွင်
ဗိုလ်မှူးချုပ်ဟောင်း အောင်ရွှေ၊ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦး၊
ဗိုလ်မှူးချုပ်ဟောင်း သောင်းဒန်၊ ဗိုလ်မှူးကြီးဟောင်း စောမြင့်တို့နှင့်အတူ
ပါဝင်ခဲ့သည်။
ထိုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင်
စတင်တည်ထောင်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စတင်ထည်ထောင်စဉ်
ဗဟိုဦးစီးအဖွဲ့ဝင် အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ ထို့အပြင် ၁၉၈၈ ခုနှစ်
နိုဝင်ဘာလ ၁၇ ရက်နေ့တွင် မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့၏ နယကအဖြစ်
ဆောင်ရွက်ခဲ့သည်။ ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ ဗိုလ်ချုပ်ကတော်
ဒေါ်ခင်ကြည်ဈာပနကော်မတီတွင် ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့အပြင်
၁၉၈၀ မှယနေ့တိုင် ရဲဘော်သုံးကျိပ်ဝင်မိသားစုများ
သာရေးနာရေးကူညီစောင့်ရှောက်ရေးအသင်း၌ နာယက အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။
၁၉၉၀ ပြည့်နှစ် ဒီဇင်ဘာ ၃ ရက်နေ့တွင် မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့မှ
နှုတ်ထွက်ခဲ့သည်။
ယင်းနောက် သခင်တင်မြ၊ သခင်လှထွန်း၊ ဦးချစ်လှိုင်
(ကိုကိုမောင်ကြီး)၊ ရဲဘော်ဘခက်၊ ဦးဇော်လင်း၊ ဦးထင်လင်း၊ ဦးတင်ထွန်း၊
ကိုအုံးမြင့်၊ ဦးကျော်အောင်၊ သန်းဝင်းလှိုင်တို့ပါဝင်သော
ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိပြုစုရေးကော်မတီတွင် နာယကအဖြစ်
ဆောင်ရွက်ခဲ့သည်။
ဗိုလ်ရဲထွဋ်သည်
မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုနိုင်ငံရေးဆောင်ရွက်မှုများကြောင့်
နိုင်ငံတော်မှချီးမြှင့်သော ဆုတံဆိပ်မြောက်များစွာ ရရှိခဲ့ သည်။ ရရှိခဲ့သော
ဆုတံဆိပ်များမှာ …
(၁)
လှိုင်းဘွဲ့မြို့သိမ်းတိုက်ပွဲနှင့်ကတိုင်တိတိုက်ပွဲတို့တွင်
ထူးချွန်စွာတိုက်ခိုက်ခဲ့သည့်အတွက် ၁၉၄၂-၄၃ ခုနှစ်တွင် ဗမာ့လွတ်လပ်ရေးတပ်မ
တော် (ဘီအိုင်အေ) ၏ သူရဲကောင်းတံဆိပ် (ဒုတိယအဆင့်)။
(၂) ၁၉၄၂ ဇန်နဝါရီ၈ မှ ၁၉၄၂ ဇူလိုင်၂၆ နှစ်အတွင်း ဘီအိုင်အေ၌ စစ်မှုထမ်းခဲ့သည့်အတွက် အရေးတော်ပုံတံဆိပ်။
(၃) ၁၉၄၂ ဇူလိုင်၂၇ မှ ၁၉၄၅ မတ် ၂၆ နှစ်အတွင်း ဘီဒီအေ၌ စစ်မှုထမ်းခဲ့သည့်အတွက် လွတ်လပ်ရေးစည်းရုံးမှုတံဆိပ်။
(၄) ၁၉၄၅ မတ် ၂၇ မှ ၁၉၄၅ စက်တင်ဘာ ၁၂ နှစ်ကာလအတွင်း ဖက်ဆစ်ဂျပန်များကို
ရွပ်ရွပ်ချွန်ချွန်သက်စွန့်ကြိုးပမ်း တိုက်ခိုက်မောင်း ထုတ်ခဲ့သည့်အတွက်
လွတ်မြောက်ရေးတံဆိပ်။
(၅) ၁၉၇၂ခုနှစ် မတ်လ ၂၅ ရက်နေ့တွင်
မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုနောက်ဆုံးကဏ္ဍ၌ ကိုယ်ကျိုးမငဲ့ဘဲ
တိုင်းပြည်နှင့် လူမျိုးလွတ်လပ် ရေးအတွက်
သက်စွန့်ဆံဖျားကြိုးပမ်းဆောင်ရွက်ခဲ့မှုများကြောင့် နိုင်ငံတော်က
ကျေးဇူးဆပ်ခြင်း အထိမ်းအမှတ်အဖြစ် လွတ်လပ်ရေးမော်ကွန်း ဝင် (ပထမအဆင့်)
တံဆိပ်။
(၆) ၁၉၈၀ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင်
နိုင်ငံတော်အကျိုးကို ဦးစီးဆောင်ရွက်ခဲ့သည့်အတွက် နိုင်ငံဂုဏ်ရည်ဘွဲ့ (ပထမ
အဆင့်) စသည်တို့ကို ချီးမြှင့်ခံရသည်။
Monday, May 28, 2012
အလုပ်သမားတွေကို ကူညီပေးကြရအောင်ပါ`
အလုပ်သမားတွေကို
ကူညီပေးကြရအောင်ပါ`
by May
Thingyan Hein on Monday, May 21, 2012 at 11:10am ·
မေသင်္ကြန်ဟိန်(မြစ်မခ)
မေ ၂၀၊ ရန်ကုန်မြို့။
ုပြီးခဲ့တဲ့ ရက်သတ္တပတ်လုံး အလုပ်သမား
ဆန္ဒပြပွဲ သတင်းတွေကို နေ့စဉ်ရက်ဆက် ကြားခဲ့ရပါတယ်။
လှိုင်သာယာ စက်မှုဇုံက High Art
ဆံပင်တုစက်ရုံက စလိုက်တဲ့ လုပ်အားခ တိုးမြှင့်ရေး ဆန္ဒပြပွဲတွေဟာ
အထည်ချုပ်စက်ရုံတွေအထိ ပြန့်နှံ့ကုန်ပါတယ်။
အခြေခံလစာ ငွေကျပ် ၈၀၀၀
(ရှစ်ထောင်)သာ ရတဲ့ အလုပ်သမားတွေ...။
အခြေခံလစာငွေတောင် မပေးဘဲ နေ့တွက်ကြေး
တရက် ကျပ် ၅၀၀ နှုန်းနဲ့ တွက်ပြီး လုပ်ခရှင်းပေးတဲ့ စက်ရုံတွေနဲ့
အလုပ်ရှင်တွေ သတင်းက နေ့စဉ် မရိုးနိုင်အောင်ကြားခဲ့ကြရပါတယ်။
ကျမတို့မြစ်မခ သတင်းအေဂျင်စီကနေ
သတင်းသွားယူတဲ့သတင်းထောက်တွေကိုလည်း သေချာမှာကြားမိတယ်။ အလုပ်သမားတွေကို မေးရင်
အလုပ်ရှင်တွေရဲ့ အသံကိုလည်း မေးပါ။ တဖက်သတ် သတင်းရေးတာမျိုး မဖြစ်ပါစေနဲ့လို့
မှာရပါတယ်။
အယ်ဒီတာတွေကိုလည်း မှာရပါတယ်။
သတင်းတွေမှာ တဖက်သတ်ဖြစ်နေရင် နှစ်ဖက်စလုံးက အသံပါအောင်
ပြန်မေးခိုင်းပါ၊အလုပ်သမားတွေကပဲ ပြောတာမျိုး မဖြစ်ပါစေနဲ့လို့ မှာထားရပါတယ်။
ရိုက်လာတဲ့ ဓါတ်ပုံတွေနဲ့
ယူလာတဲ့သတင်းတွေမှာတော့မြင်ကွင်းကျယ် ရုပ်ရှင်ကြည့်နေသလို မြင်နေတွေ့နေရတာတွေက
တကယ်တော့ စိတ်မသက်သာစရာတွေချည်းပါပဲ။
အခြေခံလစာ နည်းပါးပြီး
မစားလောက်လို့ပါ ဆိုတဲ့ ဆန္ဒပြကြတဲ့အမျိုးသမီးတွေက အသက်ငယ်ငယ်ရွယ်ရွယ်
နွမ်းနွမ်းပါးပါးလေးတွေပါ။ သူတို့လေးတွေ တက်တက်ကြွကြွနဲ့ ဆန္ဒပြနေကြတာကို မြင်ရတော့
သတ္တိရှိလာပြီ၊ကိုယ့်ဆန္ဒကိုယ် ဖော်ထုတ်ရကောင်း
မှန်းသိလာပြီလို့ တမျိုးတွေးပြီး
ကျေနပ်မိပါတယ်။
ဒါပေမဲ့ စနစ်တကျ
တောင်းဆိုဖို့နဲ့ဥပဒေနဲ့အညီဖြစ်သော တောင်းဆိုမှုမျိုးဖြစ်ဖို့ကတော့
လိုအပ်နေသေးတာကိုလည်း တွေ့ရပါတယ်။
အလုပ်သမားခေါင်းဆောင်တွေလို့
ပြောကြတဲ့ စက်ရုံအသီးသီးက အမျိုသမီးငယ်လေးတွေဟာ အလုပ်သမားဥပဒေနဲ့
အလုပ်သမားရပိုင်ခွင့်တွေကို လေ့လာခဲ့မိဟန်မတူတာလည်း တွေ့ရပါတယ်။ သူတို့တွေရဲ့
တောင်းဆိုမှုတွေမှာ အားနည်ချက်တွေ ရှိပါတယ်။ အလုပ်ရှင်က ဥပဒေကို ကိုင်ပြီး
ငြင်းဆန်လို့ရနေတောတွေလည်း တွေ့ရတော့ သူတို့တွေကို မျှမျှတတဖြစ်စေဖို့
အကူအညီတွေလည်း လိုအပ်နေတယ်လို့ ကျမ မြင်မိတယ်။
အလုပ်သမားတွေနဲ့ အလုပ်ရှင်တွေကြားကနေ
အလုပ်သမားဝန်ကြီးဋ္ဌာနက ၀င်ရောက်ပြီး ညှိုနှိုင်းပေးတာတွေ့ရတော့လည်း အော်
အရင်လိုတော့ မဟုတ်တော့ဘူး၊ အလုပ်သမားဝန်ကြီးဋ္ဌာနက အလုပ်သမားတွေအတွက်
ဖြေရှင်းပေးလာတာကို တွေ့ရတော့လည်း ၀မ်းသာကျေနပ်မိပါတယ်။
အရင်ကဆို အလုပ်သမားဘက်ကနေ
အလုပ်ရှင်နဲ့ပတ်သက်ပြီး မကျေနပ်မှုတွေ၊ တိုင်တန်းလိုမှုတွေ ရှိရင်တောင်မှ အရာရာကို
ငုံ့ခံကြရတဲ့ အနေအထားမျိုးပါ။ အလုပ်ရှင်က အလုပ်သမားတွေကို ဥပဒေမဲ့စွာ
အလုပ်ထုတ်ပစ်တာမျိုးကိုလည်း ကြုံတွေ့ခဲ့ကြရတာပါပဲ။ အလုပ်သမားဘက်က လူမသိ သူမသိ
နစ်နာခြင်းတွေနဲ့ပဲ နစ်နာခြင်းမဆုံးအောင် ကြုံကြရတာပါ။
ခုလို အလုပ်သမားဝန်ကြီးဋ္ဌာနက
အလုပ်ရှင်နဲ့ အလုပ်သမားကြားဝင်ရောက်ညှိုနှိုင်းပေးတာဟာ အင်မတန်ကောင်းပါတယ်။ ဒါပေမဲ့
တခုတော့ ရှိပါတယ် အလုပ်ရှင်နဲ့ အလုပ်သမားကြား တရားမျှတမှုရှိအောင်
ညှိုနှိုင်းပေးဖို့တော့ လိုအပ်ပါတယ်။
လိမ္မာပါးနပ်တဲ့ အလုပ်ရှင်အချို့ကတော့
အလုပ်သမားတွေ တောင်းဆိုတဲ့အချက်တွေထဲက အချို့ကို လိုက်လျောပေးကြပါတယ်။ အချို့ကလည်း
အလုပ်ရဲ့ဝင်ငွေနဲ့ ပေးရမဲ့ လစာ မမျှတတဲ့အတွက်
လုပ်ခပိုင်းတိုးမပေးနိုင်းတဲ့အကြောင်း ပြန်ဆိုထားတာတွေလည်း ကြားရပါတယ်။ ဒါကတော့
သက်ဆိုင်ရာ အလုပ်ရှင်နဲ့ အလုပ်သမား အဆင်ပြေစေမဲ့ နည်းလမ်းတခုကို ပူးပေါင်း
ရှာဖွေကြရမယ်လို့ မြင်မိပါတယ်။
အချို့ အလုပ်ရှင်တွေကြတော့လည်း
တသက်လုံး ခေါင်းငုံ့ခံလာတဲ့ အလုပ်သမားတွေ ခုလို ဆန္ဒပြနေတာတွေ
အတိုက်အခံလုပ်နေတာတွေကို တွေ့ရတော့ ဒေါသနဲ့ တုန့်ပြန်ကြတာကို လည်း တွေ့ရပါတယ်။
အလုပ်သမားဝန်ကြီးဋ္ဌာနက
ဝင်ရောက်ညှိုနှိုင်းပေးတာကိုတောင်မှ လမ်းကြုံလို့ ၀င်ရှင်းပေးတာ
ဂရုစိုက်စရာမလိုဘူးလို့ တုန့်ပြန်တဲ့ အလုပ်ရှင်တွေ ရှိနေတယ်လို့ လည်း ကြားနေရပါတယ်။
လာမဲ့ တနင်္လာနေ့မှာတော့
အလုပ်ရှင်ဘက်ကနေ အခြေခံတောင်းဆိုချက်ဖြစ်တဲ့ လစာတိုးမြှင့်ရေးကိစ္စတွေကို
အလုပ်သမားနဲ့ အဆင်ပြေစွာ ညှိုနှိုင်းမှု မပြီးစီးသေးဘဲနဲ့တဖက်သတ်
ကြေငြာချက်ထုတ်လာတာတွေကိုလည်း တွေ့ရပါတယ်။
အလုပ်သမားတွေကို တနင်္လာနေ့မှာ
ရုံးပြန်မတက်ရင် ကိုယ့်သဘောနဲ့ကိုယ်အလုပ်ထွက်တယ်လို့ ယူဆပြီး ဖြစ်ကြောင်း
ကြေငြာချက်တွေ ထုတ်လာကြတာကိုလည်း ကြားနေရပါတယ်။ အလုပ်သမားတွေဘက်ကနေ ခုချိန်ထိ
နစ်နာနေကြတာလည်း တွေ့ရပါတယ်။ အလုပ်သမားတွေကို ဥပဒေအရ အကာကွယ်ပေးဖို့
လိုအပ်နေတာကိုလည်း တွေ့မြင်ရပါတယ်။
တကယ်နစ်နာနေတဲ့ အလုပ်သမားတွေဘက်ကနေ
သက်ဆိုင်ရာ ၀န်ကြီးဋ္ဌာနနဲ့ အစိုးရက မားမားမတ်မတ်ရပ်တည်ပေးကြပါစေလို့လည်း
ဆုတောင်းမိပါတယ်။နစ်နာနေတဲ့ အလုပ်သမားတွေ ရသင့်ရထိုက်တဲ့
ရပိုင်ခွင့်တွေရရှိကြစေချင်ပါတယ်။
တောင်သူလယ်သမားပြီးရင်
အလုပ်သမားများလှတဲ့ ကျမတို့ တိုင်းပြည်အတွက် အလုပ်သမား အရေးဟာအရေးကြီးလှတဲ့ ကဏ္ဍမှာပါဝင်ပါတယ်၊
အလုပ်သမားတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေဟာ တိုင်းပြည်ရဲ့ အင်အားကောင်းစေတဲ့
အခြေခံအုတ်မြစ်တွေ ဖြစ်လာမှာပါ။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားတရပ်ကို
ယူဆောင်ရာမှာ အလုပ်သမားတွေရဲ့ အားကိုလည်း ထည့်မစဉ်းစားလို့မရပါဘူး။
နောက်ပိုင်းမှာလည်း အလုပ်သမားများတွေအနေနဲ့
ကိုယ့်ရဲ့ ရပိုင်ခွင့်တွေနဲ့ အလုပ်သမားဥပဒေတွေကို နားလည်အောင်
ကြိုးစားလေ့လာသင့်ပါတယ်။ ၀န်ကြီးဋ္ဌာနအနေနဲ့လည်း အလုပ်သမားတွေကို
ဥပဒေကို နားလည်အောင်
ပညာပေးတာမျိုး၊ အလုပ်သမားအခွင့်အရေးတွေနဲ့ပတ်သက်ပြီး နားလည်အောင်
ပညာပေးတာမျိုးတွေလည်း အလုပ်သမားဝန်ကြီးဋ္ဌာနအနေနဲ့
ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ပေးနိုင်ပါစေလို့လည်း ဆက်လျက် ဆုတောင်းပါတယ်။
တဖက်ကလည်း ကျမတို့
တိုင်းပြည်မှာ လူတယောက်ရဲ့ တနေ့ လုပ်အားခဟာ ထမင်းတနပ်စာတောင်
မရှိပါလားလို့တွေးမိတော့ စိတ်မကောင်းခြင်းကြီးစွာနဲ့ စိတ်ထဲ တနှံ့နှံ့နဲ့
နုန်းချိရပါတယ်။
စီးပွားရေးပိတ်ဆို့မှုတွေကို
ရုတ်သိမ်းလိုက်တဲ့အတွက် မကြာမီဝင်ရောက်လာကြမဲ့
နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုတွေမှာ ကိုယ့်နိုင်ငံသား အလုပ်သမားတွေ
မနစ်နာစေဖို့အတွက် အလုပ်ရှင်အလုပ်သမား မျှတသော ခိုင်မာသော ဥပဒေတွေလည်း
သေချာပြင်ဆင်ရေးဆွဲထားဖို့ လိုအပ်တယ်လို့မြင်မိပါတယ်။
ခုလိုအခြေအနေမှာ
လှိုင်သာယာစက်မှုဇုံမှာ ရှိတဲ့ စက်ရုံပေါင်း ၈၀၀ ကျော်မှာ
နိုင်ငံသားအမည်ခံခိုင်းထားပြီး တရုတ်လူမျိုး၊
ကိုရီးယားလူမျိုးတွေပိုင်ဆိုင်နေတဲ့ စက်ရုံတွေ ဘယ်နှစ်ရုံလောက်ရှိနေမလဲ
ဆိုတာကိုလည်း တွေးကြည့်နေမိတယ်။
ဗိုလ်သိန်းစိန် ပုံရိပ်ကောင်းအောင် ဘယ်သူတွေက မီးမောင်းထိုးနေကြသလဲ
ဗိုလ်သိန်းစိန် ပုံရိပ်ကောင်းအောင် ဘယ်သူတွေက မီးမောင်းထိုးနေကြသလဲ
Thursday, 09 February 2012
ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဦးသိန်းစိန်အား “မင်း လူဟောင်းတွေကို ကြိုက်မှ ပြန်သုံးပါလို့” အခွင့်အရေး ပေးခဲ့တယ်။ ဒါကြောင့် သမ္မတ ဦးသိန်းစိန်ဟာ
အစိုးရအဖွဲ့ မဖွဲ့မှီကာလက သူ့အား အထောက်အကူပြုမဲ့ လူတော်များကို
စိတ်ကြိုက် ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံခြားရေး ၀န်ကြီး
ဦးဝဏ္ဏမောင်လွင်ဟာ DSA – 16 ကျောင်းဆင်း Best Cadet ဖြစ်ပြီး
သင်တန်းတိုင်းမှာ ပထမရရှိအောင် ထူးချွန်ထက်မြက်သူ ဖြစ်ပါတယ်။
အင်္ဂလိပ်စာတော်ပြီး ရာထူး တက်ဖို့ မျှော်မှန်းခဲ့ပေမဲ့ မမျှော်လင့်ဘဲ
အသည်းရောင် ရောဂါပိုး ဘီပိုးတွေ့ရှိခဲ့လို့ နယ်စပ်ဒေသနဲ့
တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စည်ပင်သာယာ ၀န်ကြီးဌာန
လက်အောက်ခံ ဦးစီးဌာန တစ်ခုမှာ ညွှန်ကြားရေးမှူးချုပ် ဖြစ်သွားပြီ
ကန်တော်ကြီး ဟိုတယ် မျက်စောင်းထိုးရှိ အစိုးရအိမ်မှာ မထင်မရှား နေခဲ့ရသူ
ဖြစ်ပါတယ်။ နိုင်ငံခြားရေး ၀န်ကြီးများ ထိုင်ခုံ လှုပ်ချိန်မှာ
သံအမတ်ကြီးများ အရွေ့အပြောင်း ဖြစ်ကုန်ကြပြီ အချိန်ကာလမှာ ကံထချင်လို့
သူ့အား ဥရောပတိုက်ရှိ ဂျီနီဗာမြို့ရှိ မြန်မာသံရုံးတွင် သံအမတ်ကြီးအဖြစ်
တာဝန်ပေးအပ်ခံရသူ ဖြစ်ပါတယ်။ သူဟာ ဥရောပတိုက် နိုင်ငံများအား
မြန်မာနိုင်ငံနဲ့ ထိတွေ့ ဆက်ဆံဖို့ စဉ်ဆက်မပြတ်
တိုက်တွန်းစည်းရုံးနိုင်ခဲ့ပြီး နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးမှာ
နော်ဝေးနိုင်ငံကဲ့သို့ ဥရောပနိုင်ငံများ မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်
နိုင်ဖို့ စည်းရုံးကြိုးစားဆောင်ရွက်နိုင်သူ ဖြစ်ပါတယ်။ ဦးဝဏ္ဏမောင်လွင်ဟာ
UN အပါအ၀င် အနောက် နိုင်ငံများနှင့် သံတမန်ရေးရာ အတွေ့အကြုံ ရှိတာမို့
နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဦးဥာဏ်ဝင်းထက်ပင် တော်သူ ဖြစ်ပါတယ်။
ဒါကြောင့် သူ့အား သမ္မတ ဦးသိန်းစိန်က နိုင်ငံခြားရေး ၀န်ကြီး အဖြစ် ခေါ်ယူခဲ့သူ ဖြစ်ပါတယ်။
ဦးဝဏ္ဏမောင်လွင် (DSA - 16)
သမ္မတရဲ့
အဓိက နိုင်ငံရေးရာ အကြံပေး ပုဂ္ဂိုလ်အဖြစ် ကက (ကြည်း) သုတေသနတွင်
စစ်ဦးစီးမှူး ပထမတန်း ထမ်းဆောင်ခဲ့တဲ့ ဒုဗိုလ်မှူးကြီးဟောင်း ကိုကိုလှိုင်
DSA – 18 အား ရွေးချယ်ခဲ့ပါတယ်။ န၀တ၊ နအဖခေတ် တစ်လျှောက်လုံး
ဒုဗိုလ်မှူးကြီး ကိုကိုလှိုင်ဟာ ကကကြည်း သုတေသနတွင် တာဝန်ထမ်းဆောင်ခဲ့သူမို့
လူကြီးများနဲ့ ထိတွေ့ ဆက်ဆံရာမှာ ညက်ညောင်းသူ ဖြစ်ပါတယ်။ သူ့ရဲ့ တာဝန်ဟာ
နိုင်ငံတကာရေးရာ ဖြစ်ပျက် ပြောင်းလဲမှုများ၊ တနိုင်ငံချင်းရဲ့ နိုင်ငံရေး/
စီးပွားရေး/ စစ်ရေး ဆိုင်ရာ ဖွဲ့စည်းပုံ မူဝါဒ၊ စစ်အင်အား၊ ဒီမိုကရေစီ
ရေးရာများနှင့် စစ်အာဏာရှင်များ ဇာတ်သိမ်းမလှပုံတွေကို သုတေသနပြုရကာ
လူထုအုံကြွမှုများ ဖြစ်ပေါ်လာရတဲ့ အကြောင်းအရာများကိုလည်း သုံးသပ်
ကောက်နှုတ်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ တင်ပြရသူ ဖြစ်ပါတယ်။ ဒါကြောင့်
နိုင်ငံခြားရေးဆိုင်ရာ ပေါ်လစီများ ချမှတ်ရာမှာ ဦးကိုကိုလှိုင်နှင့်
အကြံပေးချက်များ ပါဝင်နေတာကို တွေ့ရပါတယ်။ အစိုးရအဖွဲ့သစ် ဖွဲ့ထားပြီး
နောက်ပိုင်းတွင် အမေရိကန်သို့ သွားရောက် ထိုးဖောက် စည်းရုံးခဲ့ပြီး
အပြန်မှာ အင်ဒိုးနီးရှားကို ၀င်ရောက် လည်ပတ်ခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။
ဦးကိုကိုလှိုင် (DSA - 18)
ဦးမေအောင်-ရခိုင် (၁၈၈၀-၁၉၂၆)
ဦးမေအောင်-ရခိုင် (၁၈၈၀-၁၉၂၆)
ကိုလိုနီခေတ် မြန်မာ့သမိုင်းတွင်
စွယ်စုံ ထူးချွန်သော ပညာရှင် တစ်ဦးမှာ ဦးမေအောင် (၁၈၈ဝ – ၁၉၂၆ ) ဖြစ်သည်။
ဦးမေအောင်သည် ကိုလိုနီခေတ် မြန်မာ့နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ တရားရေး၊ ပညာရေးနှင့်
စာပေ ယဉ်ကျေးမှု နယ်ပယ် အသီးသီးတွင် ရှေ့တန်းမှ ဦးဆောင်ဦးရွက် ပါဝင်ခဲ့သူ တစ်ဦး
ဖြစ်သည်။ ဦးမေအောင် သည် နိုင်ငံရေးနှင့် ပတ်သက်လျှင် မြန်မာ့လွတ်လပ်ရေး
ကြိုးပမ်းမှု သမိုင်းတွင် အလွန် အရေးပါခဲ့သော ဝိုင် အမ်ဘီအေ (YMBA) ခေါ် ဗုဒ္ဓဘာသာ
ကလျာဏ ယုဝအသင်း (၁၉ဝ၆) ကို ပြုစုပျိုးထောင်သူ၊ ရန်ကုန်မြို့ တွင် ပထမဆုံးအကြိမ်
ကျင်းပသော ဝိုင်အမ်ဘီအေ အသင်းများ အစည်းအဝေးတွင် ချယ်ယာမင် (သဘာပ တိ) အဖြစ်
ဆောင်ရွက်ခဲ့သူ၊ ၁၉၁၇ ခုနှစ်တွင် ကာလကတ္တားသို့ အန္ဒိယနိုင်ငံ ဆိုင်ရာ အတွင်းဝန်
မွန်တေ ဂူနှင့် သွားရောက် တွေ့ဆုံရန် ဝိုင်အမ်ဘီအေမှ ရွေးချယ်စေလွှတ်သော
ကိုယ်စားလှယ် အဖွဲ့ဝင်အဖြစ် သွား ရောက်ခဲ့သူ တစ်ဦး ဖြစ်သည်။
အုပ်ချုပ်ရေး နယ်ပယ်တွင် အစိုးရ
ရှေ့နေတစ်ဦးအဖြစ် လည်းကောင်း၊ ဒိုင်အာခီ အုပ်ချုပ်ရေးတွင် ဒုတိယ မြောက် ပြည်ထဲရေး
ဝန်ကြီးချုပ် အဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့သည်။ တရားဥပဒေ လောကတွင် ထူး ချွန်
ထက်မြက်သော ဝတ်လုံတော်ရ၊ တရားသူကြီး၊ တရားလွှတ်တော် တရားဝန်ကြီး၊ မြန်မာ ဗုဒ္ဓဘာသာ
တရားဥပဒေနှင့် ပတ်သက်၍ အဆုံးအဖြတ် ပေးနိုင်သူ
ပညာရှင်တဦးအဖြစ်သတ်မှတ်ခံရသည်။ပညာရေးနှင့် ပတ်သက်လျှင် ဥပဒေ ပညာကို အင်္ဂလန်ပြည်
ကိန်းဘရစ် တက္ကသိုလ်၌ သင်ကြားခဲ့၍ ဥပဒေဘွဲ့(L.L.B) နှင့် မဟာ ဝိဇ္ဇာဘွဲ့ (M.A)
ရခဲ့သည်။ ဝတ်လုံဘွဲ့ (Barrister at Law) ကို လင်ကွန်းအင်း ဥပဒေကျောင်း မှ
အောင်မြင်၍ မြန်မာ ပညာရေး ဆင်ဒီကိတ် အဖွဲ့မှ ချီးမြှင့်သည့် ဘီဂန်ဒက် ရွှေတံဆိပ်
ရရှိခဲ့သည်။ ထိုဆု မှာ ဘက်စုံ ပညာ ထူးချွန်သူများကို ချီးမြှင့်သည့် အဆင့်မြင့်
ပညာရေးဆု တစ်ဆု ဖြစ်သည်။ ရန်ကုန် တက္က သိုလ် ဥပဒေ ဌာန၏ ပထမဦးဆုံးသော အချိန်ပိုင်း
ဥပဒေ ပါမောက္ခ (၁၉၂၁ – ၂၂) အဖြစ်လည်း ဆောင်ရွက်ခဲ့ သည်။
စာပေ ယဉ်ကျေးမှုနှင့် ပတ်သက်၍
ဦးမေအောင်သည် မြန်မာ စာပေ မြန်မာ့ ယဉ်ကျေးမှု မြန်မာ့ ဓလေ့တို့ကို အထူးရိုသေ
လေးစားသူတစ်ဦးအဖြစ်ထင်ရှားသည်။ငယ်စဉ်က မြန်မာစာပေ၊ မြန်မာ့ရာဇဝင်ကို ကျောင်းတွင်
ဘာသာရပ် တစ်ခု အဖြစ် စနစ်တကျ သင်ကြားခွင့်မရသော်လည်းဘိလပ်ပြန်ဝတ်လုံတော်ရဘဝတွင်
မြန်မာ ပညာရှိများထံ တပည့်ခံ၍ လေ့လာ လိုက်စား ခဲ့သည်။ အထူးသဖြင့် ဆရာလွန်း (မစ္စတာ
မောင် မှိုင်း) အား ဆရာတင်၍ ပညာရှာခဲ့သည်။ ဤသို့ဖြင့် ၁၉၁၂ ခုနှစ်တွင် ပေ၊
ပုရပိုက်တွင် တိမ်မြုပ်နေသည့် ဧချင်းများကို စနစ်တကျ တည်းဖြတ်၍ ဧချင်းဟောင်း ၁၂
စောင်တွဲ အမည်ဖြင့် ထုတ်ဝေခဲ့သည်။ မော်လမြိုင်မြို့ ရမ္မာပူရ စာပုံနှိပ်တိုက်တွင်
ပုံနှိပ်၍ ကိုယ်တိုင် ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။ ရမ္မာပူရ စာပုံနှိပ်တိုက်မှာ ယောက္ခမ
ဦးထွန်း ဖြူပိုင် ပုံနှိပ်တိုက် ဖြစ်သည်။ ဧချင်းဟောင်း ၁၂ စောင်တွဲတွင် -
1. ရခိုင်မင်း
(အဒူမင်းညို)
2. သခင်ထွေး ဧချင်း
(ရှင်သူရဲ)
3. မင်းတရား ရွှေထီး
ဧချင်း (လှော်ကားသုံးထောင်မှူး)
4. မင်းတရား ရွှေထီးနားတော်သွင်း
ဧချင်း (လှော်ကားသုံးထောင်မှူး)
5. မင်းတရားမယ်တော်
ဧချင်း (နဝဒေးကြီး)
6. နတ်သျှင်မယ်တော်
ဧချင်း (ဆီးကိုင်းစား)
7. မဟာဥပရာဇ ဧချင်း
(တလုပ်မြို့စား)
8. မင်းရဲကျော်စွာစုန်
ဧချင်း (ရာဇဗာဟု)
9. သခင်ကြီး ဧချင်း
(ပယ်သူငယ်စား ရှင်မြတ်ခေါင်)
10. ယိုးဒယား မိဖုရား ဧချင်း
(နဝဒေးကြီး)
11. မင်းရဲနရာ ဧချင်း
(မင်းဇေယရန္ဓမိတ်)
12. မင်းရဲဒိဓ္ဓ ဧချင်း
(ရှင်သံခို) တို့ ပါဝင်သည်။
ဦးမေအောင် တည်းဖြတ်သော ဧချင်းဟောင်း
၁၂ စောင်တွဲ ထွက်ပေါ် လာသောအခါ မြန်မာနိုင်ငံ သုတေ သန အသင်းဂျာနယ် (JBRS) အတွဲ ၂၊ အပိုင်း
၁ (၁၉၁၂)တွင် ပါမောက္ခ ဒူရွိုင်ဆယ် (Mon. C. Duroiselle) က Old historical ballad
(1) အမည်ဖြင့် အကျယ်တဝင့် ရေးသား ချီးကျူးပါသည်။ တည်းဖြတ်သူကိုယ်တိုင် နိဒါန်း၊
ရှင်းလင်းချက်များနှင့် စနစ်တကျ ဆောင်ရွက်ခဲ့ရာ နောင်အခါ မြန်မာနိုင်ငံ သုတေသန
အသင်းက တည်း ဖြတ် ထုတ်ဝေသည့် မြန်မာကျမ်းပေါင်း ၄၆ ကျမ်း၏ ရှေ့ပြေးဟု
ဆိုနိုင်ပါသည်။ အထူးသဖြင့် ထိုအချိန် က မြန် မာစာပေ အားပေးမှု အဆင့်အတန်းမှာ
များစွာ နိမ့်ကျ မျက်နှာငယ်စရာဦးမေအောင်ကဲ့သို့ဘိလပ်ပြန် ဝတ်လုံ တော်ရ တဦးက
မြန်မာစာပေကို အလေးမူ ဆောင်ရွက်ခဲ့ခြင်းသည် ဂုဏ်ယူဖွယ်ပင် ဖြစ်သည်။ ဦးမေအောင် သည်
ဝိုင်အမ်ဘီအေက ကြီးမှူး ဖွင့်လှစ်သော မြန်မာ ကဗျာလင်္ကာ သင်တန်းများတွင်လည်း ပါဝင်
ပို့ချခဲ့ ပါသည်။
၁၉၁၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင်
ရန်ကုန်မြို့ ပဲခူးခရိုင် ဝန်ရှင်တော်မင်းကြီး ရုံး၌ ဗြိတိသျှ ပဋိညာဉ်ခံ အရာ
ရှိများ ရွေးချယ်ရန် စုံစမ်းသည့် ဆွေးနွေးပွဲ တခု ပြုလုပ်ခဲ့သည်။
ထိုဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော ဘိလပ် ပြန် ဝတ်လုံတော်ရ ဦးမေအောင်သည် ရိုးရာ
ခေါင်းပေါင်းဖြူဖော့လုံး၊ ထိုင်မသိမ်း အင်္ကျီ၊ တောင်ရှည် ပုဆိုးတို့ ကို မြန်မာ့
ယဉ်ကျေးမှု အတိုင်း ဝတ်ဆင်ခဲ့ရာ သူရိယ သတင်းစာ အယ်ဒီတာ ဆရာလွန်းသည် အားရဝမ်းသာ ‘ပဋိညာဉ်ခံဘွဲ့
တေးထပ်’ ရေး၍ ချီးကျူးခဲ့သည်။ ယင်းတေးထပ်ကို သူရိယ သတင်းစာ (၁၈ ဖေဖော်ဝါရီ ၁၉၁၃)
တွင် ဖော်ပြခဲ့သည်။
“မျိုးမြန်မာ ညှိုးရှာခဲ့ပြီမို့၊
ကိုးရာမဲ့ချိန်တွင်၊
ရိုးရာကွယ့်မတိမ်ချင်တယ်၊
ပဋိညာဉ်ခန့်ပွဲ။ ။
မြင်ရချက် ကိုယ်သဏ္ဌာန်မှာ၊ ဗိုလ်ဆံ ဆံ
များကြားသဘဲ။ ။
နန်းစရိုက် ကျမ်းသိုက်နွယ်တယ်၊
လွမ်းလိုက်ဖွယ်တပွဲ။ ။
မန်းဂိုက်နှယ်ဆင်နွှဲလို့၊
သွင်တနဲတင့်အောင်။ ။
ဖော့လုံးဖြူ မြိုင်မြိုင်ထိန်းပါလို့၊
ထိုင်မသိမ်းဝတ်လို့မြင်ယောင်။ ။
မင်းတပါး ဦးမေအောင်မှာ၊ မှူးကေသျှောင်
သဒ္ဓါမြို့ပါလို့၊
မြန်မာတို့ ကိုးကြစရာ၊ ဖြိုးကသမ္ဘာ၊
သြဘာဆုခွန်းလှစ်ဖြာတယ်၊
သွန်းမေတ္တာလောင်းပါရဲ့လေး။ ။”
ဟူ၍ ဖြစ်သည်။
ဦးမေအောင်၏ ထင်ရှားသော ဥပဒေ စာအုပ်မှာ
မြန်မာ ဗုဒ္ဓဘာသာ ဓမ္ဓသတ် ဥပဒေများနှင့် ပတ်သက်သည့် A Selection of Leading Cases on
Buddhist Law ဖြစ်သည်။ ယင်းစာအုပ်ကို ၁၉၁၄ တွင် Part I. Matrimonial Law၊ ၁၉၁၆
ခုနှစ်တွင် Part II. Adoption, Pre-emption Gift, and Religious Usage၊ ၁၉၁၉ တွင်
Part III. Succession and Inheritance ဟူ၍ ထွက်ပေါ်လာသည်။ ၁၉၂၆ ခုနှစ်တွင်
ထုတ်ဝေပြီး ၃ ပိုင်းကို ပေါင်း၍ ဒုတိ ယအကြိမ် ထပ်မံ ပုံနှိပ်သည်။ ဒုတိယ
အကြိမ်မူတွင် တည်းဖြတ်သူ မောင်အေးမောင် M.A., LL.B (Cantab) of Middle Temple,
Barrister at -Law ဖြစ်သည်။
မောင်အေးမောင်မှာထက်မြက်သောဥပဒေပညာရှင်ဖဆပလခေတ်တရားရေးဝန်ကြီး
ဒေါက်တာ အေးမောင်
ဖြစ်သည်။ ဦးမေအောင်သည် ဗုဒ္ဓဘာသာ
ဓမ္မသတ် ဥပဒေ စာအုပ်ဖြင့် ၁၉၂၂ ခုနှစ်တွင် ကိန်းဘရစ် တက္က သိုလ်မှ ဥပဒေ မဟာဝိဇ္ဇာဘွဲ့
(L.L.M) ထပ်မံ ချီးမြှင့် ခံရသည်။
ဦးမေအောင်၏ စွယ်စုံ ထက်မြက်သော
အရည်အချင်းများကို ထောက်၍ ထိုခေတ် အုပ်ချုပ်သူ ဗြိတိသျှ ပညာတတ် အသိုင်းအဝိုင်း၊
အိုင်စီအက်စ် ဝန်ထမ်းများကပင် မြန်မာ တိုင်းရင်းသာတို့၏ ပင်ကိုဉာဏ် ထူးချွန်
ထက်မြက်မှု၊ ယဉ်ကျေးမှု အဆင့်တန်း မြင့်မားမှုတို့ကို ဝန်ခံခဲ့ကြသည်။ပညာရေးနယ်ပယ်တွင်
မြန်မာနိုင်ငံ၏ တခုတည်းသော သက်တမ်းရှည်ကြာ ကျန်ရစ်သည့် မြန်မာနိုင်ငံ သုတေသန အသင်း
(၂၉ မတ် ၁၉၁ဝ) ကို တည်ထောင်ခဲ့သူများတွင် တဦး အပါအဝင် ဖြစ်သည်။ အသင်းကြီး၏
တိုးတက်ရာ တိုးတက်ကြောင်းကို အားသွန်ခွန်စိုက် တက်တက်ွ့ကွ့က အမြဲပါဝင်
ဆောင်ရွက်ခဲ့သူ တဦး ဖြစ်သည်။ အသင်းကြီး၏ နှစ်ပတ်လည် အစည်းအဝေးများ၊ ဆပ်ကော်မတီ
အစည်းအဝေးများတွင် အစဉ်အမြဲ ဆွေးနွေး အကြံပေးသော ပုဂ္ဂိုလ် တဦးလည်း ဖြစ်သည်။
စိတ်ဝင်စားဖွယ် အကြံကောင်း ဉာဏ်ကောင်းများကို ပေး၍ အသင်း လုပ်ငန်းများတွင်
စိတ်ရောကိုယ်ပါ နှစ်မြုပ် ထားနိုင်သူ ဟုလည်း သတ်မှတ်ခံရသည်။ အထူးသဖြင့် စကားပြော
ကောင်းသူ၊ သွက်လက်သူ၊ စွယ်စုံ ထူးချွန်သူဟု ထင်ရှားသည်။ ကျောက်စာဝန် မစ္စတာ
တော်စိန်ခို သည် မြန်မာနိုင် ငံ ရှေးဟောင်း သုတေသန တွေ့ရှိချက်
အထောက်အထားများနှင့် ပတ်သက်၍ တရုတ် ယဉ်ကျေးမှု သြဇာ အ လေးပေး တင်ပြတိုင်း
ပွင့်ပွင့်လင်းလင်း ကန့်ကွက် ဆွေးနွေးလေ့ ရှိသူတဦး ဖြစ်သည်။ ထိုကန့်ကွက်ချက်
များကို အသင်းမှ ထုတ်ဝေသော မြန်မာနိုင်ငံ သုတေသန အသင်း ဂျာနယ်တွင်
တွေ့ရှိနိုင်ပါသည်။ ဦးမေ အောင်သည် မြန်မာနိုင်ငံ သုတေသန အသင်းကြီး၏ ဒုတိယ ဥက္ကဋ္ဌ
အဖြစ် နှစ်ပေါင်များစွာ ရွေးချယ် ခံခဲ့ရရုံ မျှမက ဥက္ကဋ္ဌ၊ ဆပ်ကော်မတီဝင်၊
ဂုဏ်ထူးဆောင် သုတေသန ဂျာနယ် အယ်ဒီတာ တာဝန်များကိုပါ ထမ်း ဆောင်ခဲ့သည်။ အသင်းမှ
ကြီးမှူး ကျင်းပသော မြန်မာစာပေ ပြိုင်ပွဲများတွင် အကဲဖြတ် လူကြီး၊ ဆုငွေအတွက်
အလှူရှင်၊ မြန်မာကျမ်းများ ပုံနှိပ် တည်းဖြတ် ထုတ်ဝေရေး အဖွဲ့ သဘာပတိ တာဝန်များ
ကိုလည်း ဆောင် ရွက်ခဲ့သည်။ အသင်းမှ ထုတ်ဝေသော မြန်မာနိုင်ငံ သုတေသန အသင်း
ဂျာနယ်တွင် စာအုပ် ဝေဖန်ချက်၊ စုံစမ်း မေးမြန်းချက် မှတ်စုတို၊ အယ်ဒီတာ့ထံ
ပေးစာနှင့် သုတေသန ဆောင်းပါး များ ရေးသာခဲ့ရာ ယင်းတို့မှာ -
1. ‘Inaugural address.’
JBRS. Vol.1, (Jun 1911) P.2-9.
2. . ‘Shwe Zan Aung’s logic
in Burmese (Myanmar)’ JBRS. Vol.1, Pt.1 (June 1911) P. 113-117
3. ‘Note on Saya
Thein’s Shin Sawbu.’ JBRS. Vol.1, Pt.2 (Dec 1911) P.16-18
4. ‘Critical note on Mr.Taw
Sein Ko’s paper on ‘The Chinese antiquities of Pagan.(Bagan).’ JBRS. Vol.1,
Pt.2 (Dec 1911) P.43-46.
5. ‘Shwe Nat-Taung
Thamaing. ‘JBRS. Vol.1, Pt.2 (Dec 1911) P.56-57.
6. ‘Name of
Burmese(Myanmar)Kings.’ JBRS. Vol.1, Pt.1 (June 1911) P.83-84.
7. ‘Garu and Lahu.’
JBRS. Vol.1, Pt.1 (June 1911) P.88-91
8. ‘The chronology of
Burma(Myanmar).’ JBRS. Vol.2, Pt1 (June 1912) P.8-29
9. ‘Prome and Pyus’.
JBRS. Vol.2, Pt.1 (June 1912) P.72-74
10. ‘Origin of the
world”Talaing”.’ JBRS. Vol.2, Pt.1 (June 1912) P. 73-74
11. ‘To the editor,Rangoon
(Yangon) Gazette’. JBRS. Vol.2, Pt.1 (June 1912) P. 80-81, 83-84, 86-87
12. ‘Burmese(Myanmar)
prosody’. JBRS. Vol.2, Pt.1 (June 1912) P.92-93
13. ‘The Burmese
(Myanmar)era.’ JBRS. Vol.2, Pt.2 (Dec 1912) P.197-203
14. ‘Note to the legend of the
Kyaukwaing Pagoda.’ JBRS. Vol.2, Pt.2 (Dec 1912) P.217
15. ‘Burmese spelling’. JBRS.
Vol.2, Pt.2 (Dec 1912) P. 260-262
16. ‘Archaeology in Burma
(Myanmar).’ JBRS. Vol.2, Pt.2 (Dec 1912) P. 267-269.
17. ‘Burmese sketches.’ JBRS.
Vol.3, Pt.2 (Dec 1913) P. 191-192.
18. ‘The derivation of
Ramanna.’ JBRS. Vol.4, Pt.2 (Dec 1914) P. 148.
19. ‘Note on Saya Thein’s
Let-we-thondara.’ JBRS. Vol.6, Pt.2 (Dec 1916) P.9.
20. ‘Some Mon Place-names.’
JBRS. Vol.7, Pt.2 (Dec 1917) P. 143-145.
မြန်မာနိုင်ငံ သုတေသန အသင်း
ဂျာနယ်တွင် ဦးမေအောင် ရေးသာခဲ့သော ဝေဖန်ချက်၊ မှတ်ချက်၊ ဆွေး နွေးချက်၊ သုတေသန
စာတမ်းများ အနက် မွန်ဒေသ အမည်များ (Some Mon Place- name’s) နှင့် မြန်မာပြည်
ရက်စွဲသမိုင်း (Chronology of Burma) တို့မှာ စိတ်ဝင်စားဖွယ် ကောင်းသည်နှင့် အမျှ
ပညာရှင်များ၏ နှစ်သက် ခြင်း ခံရသည်။ မွန်ဒေသ အမည် အချို့တွင်
အောက်မြန်မာနိုင်ငံရှိ ရန်ကုန်၊ ကမာရွတ်၊ အင်းစိန်၊ မင်္ဂလာဒုံ၊ ကျိုက္ကဆံ၊
သင်္ဃန်းကျွန်း၊ ကော့ချဲ၊ ဓားပိန်၊ ပဲခူး၊ ဇိုင်ဂနိုင်၊ စစ်တောင်း၊ မုတ်ပလင်၊
ကျိုက်ကသာ၊ ကျိုက်ထို၊ သထုံ၊ ဇင်းကျိုက်၊ ပေါင်၊ မုတ္တမ၊ မော်လမြိုင်၊ ထားဝယ်၊
တနင်္သာရီ၊ မှော်ဘီ၊ သာယာဝတီ၊ တာပွန်၊ သံလျှင်၊ ဒလ၊ ခနောင်တို၊ တွံတေး၊ ဒေးဒရဲ၊
ဖျာပုံ၊ ညောင်တုန်း၊ ကျုံပျော်၊ ပုသိမ် ဒေသ အမည် ၃၃ မျိုး၏ မွန်ဝေါဟာရ
ရင်းမြစ်များကို တင်ပြထားပါသည်။ မြန်မာပြည်ရက်စွဲ သမိုင်း သုတေသန စာတမ်းကို
အင်္ဂလိပ်ဘာသာရေး ရည်ညွှန်းကျမ်း ၁၇ ကျမ်း၊ မြန်မာဘာသာရေး ရာဇဝင် သမိုင်းကျမ်း ၂၅
ကျမ်းကို စနစ်တကျ ကိုးကား၍ ဘီစီ ၈ ရာစုခန့် တကောင်းဒေသတွင် အဘိရာဇာ နန်းစိုက်သည်မှ
အေဒီ ၁၇၅၂ ရွှေဘိုတွင် အလောင်းမင်းတရား ကုန်းဘောင်ဆက် စတင်သည် အထိ ရက်စွဲ
သက္ကရာဇ်ဖြင့် မြန်မာ့သမိုင်းကို ရေးသားထားသည်။ ကိုးကား ရည်ညွှန်းရာ မြန်မာ
ရာဇဝင်ကျမ်း ၂၅ ကျမ်းတွင် ဦးကုလား ရာဇဝင်၊ တွင်းသင်း ရာဇဝင်၊ ရာဇဝင်ကျော်၊
သံလျင်ရာဇဝင်၊ မဟာမုနိသမိုင်း၊ မဟာဇေယျ၏ ရခိုင် ရာဇဝင်၊ ရခိုင် မင်းသမီး ဧချင်း
တို့မှာ ပုံနှိပ်မူ မထွက်သေး၍ ပေးမူများကို လေ့လာပြီး ရေးသားခဲ့ခြင်း ဖြစ်သည်။
ထိုကြောင့် ဦးမေအောင် ရုတ်တရက် ကွယ်လွန်ချန်တွင် ပါဠိ ပါမောက္ခ ဦးဖေတင်မောင်က
သုတေသန ဂျာနယ်တွင် ဝမ်းနည်း မှတ်တမ်း ရေးသောအခါ “ဦးမေအောင်သည် သုတေသန နယ်ပယ်တွင်
ဇောက်ချခဲ့လျှင် ပထမတန်းစား သုတေသန ပညာရှင် အဖြစ် တွေ့နိုင်ကြောင်း” The
Chronology of Burma (Myanmar) စာတမ်းကို ထောက်၍ မှတ်ချက် ချခဲ့ပါသည်။
ဦးမေအောင်၏ အခြား ထင်ရှားသော
ယဉ်ကျေးမှု စာတမ်းမှာ ၁၉၁ဝ ခုနှစ် လန်ဒန်မြို့ လွိုက်ကရိတ်တာ ဗြိ တိန်
ပုံနှိပ်တိုက်မှ ထုတ်ဝေသည့် Twentieth Century Impression of Burma (Myanmar) ၂ဝ
ရာစု မြန်မာ့ ပုံရိပ်တွင် မြန်မာ့ ယဉ်ကျေးမှု ဓလေ့ဆိုင်ရာ ‘Burmese (Myanmar)
Manners and Customes’ စာတမ်း ဖြစ် သည်။
ဦးမေအောင်ကို ၁၈၈ဝ ပြည့်နှစ်၊
ဇန်နဝါရီ ၆ ရက်နေ့တွင် စစ်တွေမြို့၌ အဖ ဦးသာဒိုးဖြူး၊ အမိ ဒေါ်နှောင်း ဒွေးတို့မှ
ဖွားသည်။ မွေးချင်း ၄ ယောက်တွင် ဒုတိယမြောက် သားဖြစ်သည်။ ငယ်စဉ်ကပင် မိဘများ ကွယ်
လွန်၍ အမေ့ဘက်မှ ဦးကြီး ဖြစ်သူ ဦးလှအောင်၊ ဒေါ်မြမေတို့က အိန္ဒိယသို့ ခေါ်ယူ၍
ကာလကတ္တားတွင် ပညာသင်ခဲ့ရသည်။ ဦးလှအောင်မှာ မြန်မာ တိုင်းရင်းသားများ ထဲမှ
တဦးတည်းသော မဒရပ် ငွေတိုက် မင်းကြီး အဖြစ် အမှု ထမ်းရွက်ခဲ့ရ၍ ငွေစာရင်း မင်းကြီး
ဦးလှအောင် အဖြစ် ထင်ရှားသည်။ ဒေါ်မြမေမှာ စစ်ကဲ ဦးထော်လေး၏ သမီးဖြစ်၍ မင်းကြီးကတော်
ဒေါ်မြမေဟု လူသိများသည်။ ဦးမေအောင်မှာ စစ်ကဲ ဦးထော်လေး၏ ဒုတိယ အိမ်ထောင်မှ
မွေးဖွားသည့် သမီး ဒေါ်မြမေ၏ ခင်ပွန်း ငွေတိုက်မင်းကြီး ဦးလှအောင် ၏ တူဖြစ်သည်။
ဦးမေအောင်သည် ကာလကတ္တားနှင့် ရန်ကုန် အစိုးရ အထက်တန်း ကျောင်းတွင် ပညာ သင်၍
တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ မြန်မာစာနှင့် အင်္ဂလိပ်စာ ပထမရ သဖြင့် ရနောင်း ဘုရင်ခံဆု
ချီးမြှင့် ခံရသည်။ ရန်ကုန် ကောလိပ် အက်ဖ်အေ (ဥပစာတန်း) တွင် ပထမရ၍ ဂျားဒင်းဆု
ထပ်မံ ရရှိသည်။ ၁၈၉၈ ခုနှစ်၊ ဘီအေ နောက်ဆုံးတန်းတွင် ပညာ သင်နေစဉ် ကျန်းမာရေး
ချို့ယွင်း၍ ကျောင်းမှ ထွက်ခဲ့ရသည်။ ၁၉ဝ၂ ခုနှစ်တွင် ဒုတိယတန်း ရှေ့နေ စာမေးပွဲ
အောင်မြင်ခဲ့သည်။
၁၈၉၉ ခုနှစ်တွင် မော်လမြိုင်မြို့
ရမ္မာပူရ စာပုံနှိပ်တိုက် ဦးထွန်းဖြူ၊ ဒေါ်မေတို့၏ သမီး မသိန်းမြနှင့် လက်ထပ်
ခဲ့သည်။ ဒေါ်မေမှာ အခွန်ဝန် ဦးအုန်းရွှေ၊ ဒေါ်မျှား၏ သမီး ဖြစ်သည်။ ဒေါ်မျှားမှာ
စစ်ကဲကြီး ဦးထော်လေးနှင့် ပထမ အိမ်ထောင်ဆက် ဒေါ်မင်းလူတို့မှ ဖွားမြင်ရာ
ဒေါ်သိန်းမြမှာ စစ်ကဲကြီး ဦးထော်လေး၏ မြစ်ဖြစ်သည်။
ဦးမေအောင်သည် မြိတ်မြို့
အထက်တန်းကျောင်း အထက်တန်းပြ၊ မော်လမြိုင်မြို့ ရှင်မဗုဒ္ဓဃောသ အထက် တန်း
ကျောင်းအုပ်၊ ၁၉ဝဝ ပြည့်နှစ်တွင် ရန်ကုန် မော်တင်လမ်း ဦးရွှေအိုးရေခဲစက်နှင့်
သစ်ဝါးရောင်းဝယ်ရေး မန်နေဂျာအဖြစ် ဆောင်ရွက်သည်။ ၁၉ဝ၂ ခုနှစ်တွင် ဒုတိယတန်း ရှေ့နေ
စာမေးပွဲ အောင်မြင်ပြီးနောက် ညီအစ်ကိုဝမ်းကွဲ တော်စပ်သူ ဦးဘလှအောင် (ငွေစာရင်း
မင်းကြီး ဦးလှအောင်၊ မင်းကြီးကတော် ဒေါ်မြမေ တို့၏ တဦးတည်းသောသား) နှင့်အတူ
‘အောင်နှင့် အောင်’ အမည်ဖြင့် ရှေ့နေလုပ်ငန်းကို လုပ်ကိုင်သည်။
၁၉ဝ၄ ခုနှစ်တွင် ဦးဘလှအောင်နှင့် အတူ
အင်္ဂလန်သို့ ဥပဒေ ပညာသင် ထွက်ခွာခဲ့သည်။ ၁၉ဝ၄ မှ ၁၉ဝ၇ ခုနှစ် အတွင်း အင်္ဂလန်နိုင်ငံ
ကိန်းဘရစ် တက္ကသိုလ်မှ ဥပဒေဘွဲ့ (LL.B)၊ မဟာဝိဇ္ဇာဘွဲ့ (M.A) နှင့် လင်ကွန်း အင်း
ဥပဒေ ကျောင်းမှ ဘာရစ်စတာ အက်ထ်လော (Barrister-at-Law) ဝတ်လုံဘွဲ့များကို ထူးချွန်
စွာ ရရှိခဲ့၍ မြန်မာနိုင်ငံ ပညာရေး ဆင်ဒီကိတ် အဖွဲ့၏ ဘက်စုံ ပညာ ထူးချွန်ဆု
ဘီဂန်ဒက် ရွှေတံဆိပ် ချီးမြှင့်ခံရသည်။
၁၉ဝ၈ မှ ၁၉၂ဝ အတွင်း ဘိလပ်ပြန်
ဝတ်လုံတော်ရ အဖြစ် အသက်မွေး ဝမ်းကျောင်းပြု၍ ဝိုင်အမ်ဘီအေ (YMBA) ခေါ် ဗုဒ္ဓဘာသာ
ကလျာဏယုဝ အသင်းကြီးတွင် ပါဝင် ဆောင်ရွက်ခဲ့သည်။ ဘိလပ်ပြန် ဝတ်လုံ တော်ရ ဦးပု
(နန်းရင်းဝန် ဦးပု)၊ ပညာဝန် ဦးမုန်း၊ အငြိမ်းစားဝန်ထောက် ဦးဖေတို့နှင့် အတူ
ဝိုင်အမ်ဘီအေ အသင်းများ ဖွဲ့စည်း တည်ထောင်ရေး အတွက် နယ်များသို့ ဆင်း၍ တရားဟောရာ
ဝိုင်အမ်ဘီအေ အသင်း ကြီး၏ ရှေ့တန်း ဦးဆောင်သူ တဦး ဖြစ်လာသည်။ ၁၉၁၁ ခုနှစ်
ရန်ကုန်မြို့တွင် ကျင်းပသော အရပ်ရပ် ဝိုင်အမ်ဘီအေအသင်းများ အစည်းအဝေးကြီးတွင်
ချယ်ရာမင် (သဘာပတိ) အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၁၆ ခုနှစ် ဟင်္သတမြို့တွင် ကျင်းပသော
စတုတ္ထ အကြိမ် ညီလာခံတွင် အစည်းအဝေး သဘာပတိ အဖြစ် ဆောင်ရွက်သည်။ ၁၉၁၇ ခုနှစ်၊
နိုဝင်ဘာလတွင် ဦးဖေ၊ ဦးဘဘေ၊ ဝတ်လုံတော်ရ ဦးစု (မန္ဈလေး) တို့နှင့် အတူ
အိန္ဒိယနိုင်ငံ ကာလကတ္တားသို့ သွားရောက်၍ အိန္ဒိယနိုင်ငံ ဆိုင်ရာ အတွင်းဝန်
မွန်တေဂူကို တွေ့ဆုံပြီး ကိုယ်ပိုင် အုပ်ချုပ်ရေးကို တင်ပြခဲ့သည်။
ဝိုင်အမ်ဘီအေ အသင်းကြီးသည် မူလ
ရည်မှန်းချက် ဖြစ်သော အမျိုး ဘာသာ သာသနာ ကိစ္စများတွင် သာမ က နိုင်ငံရေး
ကိစ္စများကို ဝင်ရောက် ဆောင်ရွက်လာရာ နိုင်ငံရေး မဆောင်ရွက်လိုသူ လူကြီး အဖွဲ့နှင့်
နိုင်ငံ ရေးကို ဆက်လက် ဆောင်ရွက်လိုသူ လူငယ် အဖွဲ့ ကွဲပြားလာသည်။ လူကြီး အဖွဲ့ကို
‘တူ သာ သင်း’ (ဦးဘ တူ၊ ဦးဖိုးသာ၊ ဦးသင်း) တို့က ဦးဆောင်ခဲ့ရာ ဦးမေအောင်သည် လူကြီး
အဖွဲ့ဘက်သို့ ပါဝင်ခဲ့ရာမှ ၁၉၂ဝ ခုနှစ်တွင် အစိုးရ လက်ထောက် ရှေ့နေ၊ ဥပဒေ
သုံးသပ်ရေး အရာရှိ၊ ဥပဒေအဖွဲ့ အတွင်းရေးမှူး၊ အစိုးရ ရှေ့နေ၊ ရန်ကုန် တက္ကသိုလ်
ဥပဒေဌာန အချိန်ပိုင်း ပါမောက္ခ၊ ၁၉၂၂ ခုနှစ်တွင် တရားလွှတ်တော် တရား ဝန်ကြီး၊ ၁၉၂၄
တွင်ပြည်ထဲရေး ဝန်ကြီးချုပ် အဖြစ် ဗြိတိသျှ အစိုးရ၏ သူကောင်းပြုခြင်း ခံရသည်။
ပြည်ထဲ ရေး ဝန်ကြီးချုပ် အဖြစ် တာဝန် ထမ်းဆောင်နေစဉ် ၁၉၂၆ ခုနှစ်၊ ဇွန်လ ၅
ရက်နေ့တွင် ပြင်ဦး လွင်မြို့၌ ရုတ်တရက် ကွယ်လွန်ခဲ့သည်။
ဦးမေအောင်တွင် သားသမီး ၃ ဦး ထွန်းကား၍
သားကြီး သတိုးအောင်မှာ ရန်ကုန် တက္ကသိုလ် ဘီအေ နောက် ဆုံးနှစ်တွင် ပညာ သင်ကြားနေစဉ်
ကွယ်လွန်ခဲ့သည်။ သတိုးအောင်မှာ ပညာထူးချွန်၍ တက္ကသိုလ်ဝင်တန်း အောင်စဉ်က ဖခင်
ဦးမေအောင် ကဲ့သို့ ရနောင်း ဘုရင်ခံဆု ရရှိခဲ့သည်။ သားငယ် ထွန်းလှအောင်မှာ
ကိုလိုနီခေတ် အုပ်ချုပ်ရေး လောကတွင် ထင်ရှား၍ လွတ်လပ်ရေး ခေတ်ဦးတွင် ရဲမင်းကြီး
ဦးထွန်းလှအောင် ဖြစ်သည်။ သမီးငယ် မမြစိန်မှာ မြန်မာ အမျိုးသမီးများ ထဲမှ ပထမဦးဆုံး
အမ်အေ (သုတေသန အထူးပြု) ဘွဲ့၊ အောက်စဖို့ဒ် တက္ကသိုလ်မှ ဘီလစ်ဘွဲ့များ ရခဲ့သော
သမိုင်းပညာရှင်တဦး ဖြစ်သည်။ ဥပစာတန်းတွင် ပထမ ရ၍ ဖခင်ကဲ့သို့ ဂျားဒင်းဆု
ချီးမြှင့်ခြင်း ခံရသည်။
ဦးမေအောင်သည် မြန်မာနိုင်ငံ ပညာရေး
ဆင်ဒိကိတ် အဖွဲ့ဝင်၊ ရန်ကုန် တက္ကသိုလ် ကောင်စီဝင်၊ တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့ဝင်
တဦး ဖြစ်၍ ကရက်ဒေါက် စီမံကိန်းတွင် ပါဝင်ခဲ့ရရာ အချို့ ပုဂ္ဂိုလ်များ၏ အထင်မှား
အမြင်မှား ခံခဲ့ရပါသည်။ ထို့ကြောင့် ပြည်ထဲရေး ဝန်ကြီးချုပ် ဦးမေအောင်
ကွယ်လွန်သည့် အခါ ဒီးဒုတ် ဂျာနယ်၊ ဒုတိယတွဲ နံပါတ် ၂ (၁၂ ဇွန် ၁၉၂၆ ) တွင် ဒီးဒုတ်
ဂျာနယ် တည်းဖြတ်သူ ဒီးဒုတ် ဦးဘချိုက အောက်ပါအတိုင်း မှတ်ချက် ချခဲ့ပါသည်
အထူးဝမ်းနည်းဖွယ်
ပြည်ထဲရေး ဌာန ဝန်ကြီးချုပ် ဦးမေအောင်သည်
ဇွန်လ ၅ ရက်၊ စနေနေ့ ည ၈ နာရီ ၃၅ မိနစ်တွင်၊ မေမြို့ (ပြင်ဦးလွင်)ရှိ နေအိမ်၌
အနိစ္စရောက်ကြောင်း ကြားသိရသော ကျွန်ုပ်တို့မှာ။ အထူးဝမ်းနည်း နှစ်မြောမိသည်
ဖြစ်ရာ။ ထိုသတင်းကို ကြားသိရသော တိုင်းရင်းသား မှန်သမျှတို့မှာ။ ကျွနိုပ်တို့
ကဲ့သို့ပင် ဝမ်းနည်းလိမ့်မည်ဟု မျှော်လင့်ပေကြောင်း။ သွားလေသူ ဦးမေအောင်မှာ။
အင်္ဂလိပ်ဘာသာ၌ သာလျှင် အထူး ပေါက်မြောက် ချီးမွမ်းလောက်သော ပဂ္ဂိုလ် မဟုတ်သေး။
မြန်မာဘာသာ – ပေါရာဏနှင့် ဝေါဟာရ စာဟောင်း စာမျဉ်း တို့ကိုလည်း။ အထူးလိုလား
လိုက်စားသော ပုဂ္ဂိုလ်ကြီးဖြစ်သည့် အားလျော်စွာ။ ယခု နာမည် ထင်ရှားလျက် ရှိသော
ပရိုဖက်ဆာ ဆရာလွန်း ထံ၌ တပည့် ခံခဲ့ဖူး၍။ ရှေးဧချင်းဟောင်း ၁၂ စောင်တွဲ စာအုပ်
တအုပ်ကို ကိုယ်တိုင် တည်းဖြတ်၍ပင် ရိုက်နှိပ် ဖြန့်ချိ ခဲ့ဘူးလေသည်။ ဤကဲ့သို့
စွယ်စုံပညာဂုဏ် အရည်အချင်းဖြင့် ပြည့်စုံသဖြင့်။ မြန်မာပြည် တိုင်းရင်းသားတို့
ရရှိနိုင်သော ရာထူးများ အနက်။ အကြီးဆုံး ဖြစ်သော ပြည်ထဲရေး အမတ်ကြီး ရာထူးဖြင့်။
အစိုးရတို့၏ ချီးကြူး ခန့်အပ်ခြင်းကို ခံခဲ့ရသည် ဖြစ်ရာ။ အဆိုပါ ပုဂ္ဂိုလ်ကြီး၊
ထင်ရှား ရှိနေခြင်းသည်။ မြန်မာပြည်ကြီး၏ ကြက်သရေပင် ဖြစ်ရကာ။ ယခုကဲ့သို့။ သက်တန်း
မစေ့မှီ။ ကွယ်လွန် အနိစ္စ ရောက်ရခြင်းအတွက်။ သာ၍ပင် ဝမ်းနည်းဘွယ် ဖြစ်ချေသည်။
အထင်မမှားအပ်ပေ
ဦးမေအောင် – ပြည်ထဲရေး ဝန်ကြီးချုပ်
ရထူးကို ထမ်းရွက် နေခိုက်၌၊ တိုင်းသူ ပြည်သားတို့နှင့် တဘက် တလမ်း ပြုလုပ်သည်ဟု
အချို့သော သတင်းစာများ၌ စွပ်စွဲချက် အရ။ သွားလေသူ ဦးမေအောင် အပေါ်၌ အထင်
မမှားအပ်ပေ။ ဦးမေအောင်သည်။ အစိုးရ အမှုထမ်း အဖြစ်သို့ မရောက်မှီ။ ဝိုင်အမ်ဘီအေ
အသင်း၌။ ဥက္ကဋ္ဌ အဖြစ်ဖြင့်ပင် အတော်ကြာ ဆောင်ရွက် ခဲ့သည့်ပြင်။ ဝတ်လုံ အတတ်ကို။
အင်္ဂလန်ပြည်သို့ သွားရောက် သင်ကြားပြီးနောက်။ မြန်မာပြည်သို့ ပြန်၍ ရောက်ရှိသော
ဝတ်လုံများ အနက်။ မိမိတို့ မျိုးရိုးဇာတိ အဝတ် အစားကို မပြောင်းလဲဘဲ။
အမြဲဝတ်ဆင်လေ့ ရှိသူမှာ။ ဦးမေအောင်ပင် ဖြစ်ရကာ။ ဤကဲ့သို့ မျိုးရိုး ဇာတိကို
ရိုသေသော ပညာရှိ တယောက်သည်။ မိမိ အလိုအလျောက်အားဖြင့်။ တိုင်းသူပြည်သားတို့
ဆန့်ကျင်၍။ တိုင်းပြည် ပျက်စီးအောင် ပြုလိမ့်မည်ဟု မမျှော်လင့်အပ်ပေ။ မိမိထမ်းရသော
ရာထူး၏ အခွင့် ရှိသလောက် သာလျှင် ဆောင်ရွက်နိုင်သည် ဖြစ်ရာ၊ ဦးမေအောင်၏
စီမံခန့်ခွဲခြင်းတို့သည်။ တိုင်းသူ ပြည်သားတို့၏ အလို နှင့် ဆန့်ကျင်ခဲ့သော။
အုပ်ချုပ်ခြင်း စည်းစနစ် ဖြစ်သော ဒိုင်အာကီကို သာလျှင် အပြစ်တင် ထိုက်ပေသည်။
(မူရင်းသတ်ပုံ အတိုင်း ဖော်ပြပါသည်။)
” . . . အင်္ဂလိပ်ဘာသာ၌ သာလျှင် အထူး
ပေါက်မြောက် ချီးမွမ်းလောက်သော ပုဂ္ဂိုလ် မဟုတ်သေး။ မြန်မာ ဘာသာ – ပေါရာဏနှင့်
ဝေါဟာရ စာဟောင်း စာမျဉ်း တို့ကိုလည်း။ အထူးလိုလား လိုက်စားသော ပုဂ္ဂိုလ်
ကြီးဖြစ်သည့် အားလျော်စွာ။ ယခု နာမည် ထင်ရှားလျက် ရှိသော ပရိုဖက်ဆာ ဆရာလွန်း ထံ၌
တပည့် ခံခဲ့ ဖူး၍။ ရှေးဧချင်းဟောင်း ၁၂ စောင်တွဲ စာအုပ် တအုပ်ကို ကိုယ်တိုင်
တည်းဖြတ်၍ပင် ရိုက်နှိပ် ဖြန့်ချိ ခဲ့ဘူး လေသည်။ ဤကဲ့သို့ စွယ်စုံပညာဂုဏ်
အရည်အချင်းဖြင့် ပြည့်စုံသဖြင့်။ မြန်မာပြည် တိုင်းရင်းသားတို့ ရရှိနိုင် သော
ရာထူးများ အနက်။ အကြီးဆုံး ဖြစ်သော ပြည်ထဲရေး အမတ်ကြီး ရာထူးဖြင့်။ အစိုးရတို့၏
ချီးကြူး ခန့် အပ်ခြင်းကို ခံခဲ့ရသည် ဖြစ်ရာ။ အဆိုပါ ပုဂ္ဂိုလ်ကြီး၊ ထင်ရှား
ရှိနေခြင်းသည်။ မြန်မာပြည်ကြီး၏ ကြက် သရေ ပင် ဖြစ်ရကာ။ ယခုကဲ့သို့။ သက်တန်း
မစေ့မှီ။ ကွယ်လွန် အနိစ္စ ရောက်ရခြင်းအတွက်။ သာ၍ပင် ဝမ်းနည်း ဘွယ် ဖြစ်ချေသည်။ . .
. ” . [၂ဝဝ၇ ခုနှစ်၊ နိုဝင်ဘာလမှာ Unity စာပေက ပထမအကြိမ် အဖြစ်ထုတ်ဝေ ဖြန့်ချိ
ခဲ့တဲ့ မောင်ဇေယျာရဲ့ 'ကမ္ဘာသိ မြန်မာများနှင့် ကမ္ဘာသိ မြန်မာ စာအုပ်များ' ကနေ
"စွယ်စုံပညာရှင် ဦးမေ အောင်" အကြောင်းကို ပြန်လည် ကူးယူ ဖော်ပြတာ
ဖြစ်ပါတယ်။]
အညွှန်း။
1. ဇော်ဂျီ၊ သခင်
ကိုယ်တော်မှိုင်း ဋီကာ၊ ဒု-နှိပ်၊ ရန်ကုန်၊ ၁၉၆၉၊ စာ ၄၇။
2. ၂၅ နှစ်မြောက်
ဓမ္မဗျူဟာ ငွေရတုစာစောင်။ ရန်ကုန်၊ ဓမ္မဗျူဟာ စာစောင်တိုက်၊ ၁၉၈၆။
3. ဝိုင်အမ်ဘီအေ ၇၅ နှစ်
ခရီး၊ ရန်ကုန်၊ ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်း၊ ၁၉၈၂။
4. ‘အထူးဝမ်းနည်းဖွယ်’၊
ဒီဒုတ်ဂျာနယ် အတွဲ၂၊ အမှတ်၂ (၁၂ဇွန် ၁၉၂၆ ) စနေ၊ စာ ၁။
5. Twentieth Century
Impressions of Burma. London: Lloy’ds Greater Britain Publishing
6. Pe Maung Tin, U.
‘The late U May Oung, obituary notice’ JBRS.Vol.16, Pt.2(Dec 1926) P.158.
7. Who’s who in Burma
(Myanmar).
8. Calcutta: Indo-Burma
Publishing Agency, 1926.P.172
[မိုးဂျာနယ်၊ အမှတ် ၂၊ ဖေဖော်ဝါရီ
၂ဝဝ၅]
Subscribe to:
Posts (Atom)