Monday, May 28, 2012

ကျဆုံးသွားသော်နိုင်ငံရေးအကျဉ်းသားဟောင်းများအတွက်ရည်စူးလျှက်


ကျဆုံးသွားသော်နိုင်ငံရေးအကျဉ်းသားဟောင်းများအတွက်ရည်စူးလျှက်

ဒေါင်းအလံသည်ကား ကျောင်းနံရံတဝိုက်မှာ ပြန်စိုက်ဖို့အရေး ထောင်နံရံတိုက်မှာ သွေးနဲ့ရေးခဲ့ပါပြီ

စစ်ခွေးတိုက် (သို့မဟုတ်) ဟောင်ကောင် (၄)
·
ဆိုးဝါးလှတဲ့ စစ်အစိုးရ၏ အကျဉ်းထောင်အသီးသီးမှာ ရပ်တည်ခဲ့ရသော နိုင်ငံရေးအကျဉ်းသားများ၏ ပေးဆပ်မှုများ ဖြစ်ရပ်မှန်များ ကို မသိလိုက်တဲ့ ပြည်သူများနှင့် အနာဂတ်မျိုးဆက်သစ်များ အတွက် ပြန်လည်မျှဝေပါသည်။
ထောင်တွင်းက နှိပ်စက်မှုဒဏ်များစွာ ခံခဲ့ရပြီး လွတ်မြောက် လာတဲ့အခါ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားရှာတဲ့ ချစ်သူငယ်ချင်း ရဲဘော်ရဲဖက် နဂါးလေး(ခေါ်) ကိုဝင်းသူရကြွယ်အား ဒီစာပိုဒ်ဖြင့် ဂုဏ်ပြုလိုက်ပါသည်။
အင်းစိန်ထောင်မှာ လိုင်းရှိတယ်

နောက်တနေ့ကို ရောက်လာပါပြီ။ မနက်ခင်း အိပ်ဆောင်ထ နိုးသံတွေနှင့် အတူ ကျနော်လည်း နိုးနေပါပြီ။ စစ်ခွေးတိုက်မှာက အဆောင်လိုတော့ မနက်(၅)နာရီလောက်ထစရာ မလိုပါဘူး။ ရှစ်နာရီ ကျော်ကျော်လောက်မှ စစ်ခွေးတိုက်ထဲ တာဝန်ကျ ၀န်ထမ်း ရောက်လာပါသည်။
အခန်းတံခါးတွေကို သော့လိုက်ဖွင့်နေရာက ကျနော့်အခန်းကို ကျော်သွားပါသည်။ ကျနော် သိလိုက်ပြီ၊ ကျနော်တို့ကို သီးခြားထုတ်တော့မည်။( တနည်းအားဖြင့်ဆိုသော် ရှယ်နှိပ်စက်မည်ပေါ့ဗျာ)။

တံခါးပွင့်လျှင် ထွက်လာကြရသော ခြေကျဉ်းနှင့် ဒေါက်ကားကား နှင့် ကိုးလို့ ကန့်လန့် လမ်းလျှောက်နေရသော အကျဉ်းသားများကို စစ်ခွေးတိုက်တန်း အ၀ သစ်သားတံခါးမှ စောင့်ပြီး ရိုက်နေသူကတော့ဖေါသွပ်သွပ်နဲ့ ကရင်ကြီးဆိုတဲ့ ရာထူးတရစ် အဆင့်ရှိ အကစ ၀န်ထမ်းပါပဲ။
ကျနော့်အခန်းက အခန်းနံပါတ်(၅) ၊ အလယ်တည့်တည့်ဖြစ်နေတော့  သူရိုက်နေတဲ့ သစ်သားတံခါးပေါက် နှင့် ကျနော့် သံတိုင်တံခါးပေါက်က တန်းနေပါသည်။ ထွက်လာတဲ့ အကျဉ်းသားကို စိန်ပြေနပြေ တချက် နှစ်ချက် မိမိရရရိုက်ရင်း တယောက်ကိုတော့ မရိုက်ဘဲ သူ့လက်ထဲက ဆေးလိပ်တို ကမ်းပေးလိုက်သည်။ လိုင်းဝင်ထားတဲ့ အကျဉ်းသားဖြစ်ပေမည်။

အင်းစိန်ထောင်ထဲမှာက........
ငွေပေးရင် အကုန် အဆင်ပြေသည်။ ရိုက်တဲ့နေရာရောက်ရင် အကျဉ်းသား၏ မိသားစုက ရိုက်သည့်တာဝန်ကျသူ ၀န်ထမ်းကို ငွေသွားပေးလိုက်ပါက အရိုက်မခံရတော့ပေ။ အဲဒါကို ဘောင်ချာလို့ ထောင်ထဲက စကားနှင့် ခေါ်သည်။ လိုင်းဝင်သည်လို့လည်း ခေါ်ကြသည်။ လိုင်းမ၀င်နိုင်သူတွေက သေလုမြောပါး အရိုက်ခံပေတော့ပါပဲ။

နောက်တချိန်ကျမှာ သိရတာ ကျနော့်ဖေဖေသည်လည်း ကျနော့်ကို မိန်းဂျေလ်းမှာ ရိုက်နှက်နေတဲ့ နေ့က လိုင်းဝင်ဖို့ အကုန်လိုက်ပြီး ဆွေးနွေးတာ ဘယ်အရာရှိမှ လက်မခံကြောင်း သိရသည်။ သီးသန့်အကျဉ်းသားလို့ ခေါ်တဲ့ နိုင်ငံရေး အကျဉ်းသားကို ဘယ်သူမှ လိုင်းကြေး မယူရဲချေ။ အကျဉ်းသား၏ ထောင်တွင်း ရပ်တည်မှုနှင့်လည်းဆိုင်သည်။ ထိုနိုင်ငံရေး အကျဉ်းသားက သဘောထား ပေါ့ပြောင်းသူ အခြားနိုင်ငံရေးအကျဉ်သားများနှင့် ညီညွတ်စွာနေသူ မဟုတ်ရင်တော့ လက်ခံပေသည်။

ရှင် ထူးရတဲ့ စစ်ခွေးတိုက်

ဒီလိုနှင့် ထုတ်သွားသူတွေကို ပုံစံမောင်းကို နားစွန့်ရင်း ကျနော် ရင်တွေ ခုန်နေပါသည်။ ကျနော် မကွယ်မ၀ှက် ပြောရရင် ကြောက်နေမိသည်။ကျနော်လည်း လူသားပဲလေ။ ဘယ်သူကမှ တာဝန်မပေးတဲ့ တာဝန်ကို အသက်နဲလဲပြီး  ကျည်ဆန်တွေကြား စတင်ထမ်းဆောင်တဲ့ အချိန်က ၁၆ နှစ်သား။

၁၉ နှစ်သားမှာ စစ်ကြောရေးစခန်းရောက်၊ နောက်တော့ စစ်ခုံရုံးက ထောင်ချလိုက်တော့ ထောင်ကျ။ အသက် ၂၀ နှစ်မှာ မြန်မာနိုင်ငံ၏ နံမည်ဆိုးနဲ့ကျော်ကြားသော အင်းစိန်ထောင် စစ်ခွေးတိုက်ကို ရောက်နေပါပြီကော။ အကျဉ်းဦးစီး သတ်မှတ်သည့် ခေါင်းမာ စာရင်းဝင်များထဲက ကျနော်သည်လည်း  သွေးနဲ့ကိုယ် သားနဲ့ကိုယ်မို့  အရိုက်ခံရလျှင် နာတတ်ပါသည်။ ထိုကြောင့် စိတ်ထဲမှာ ကြောက်နေမိတာကို ၀န်ခံပါသည်။ ဘုရားစာတွေ ရွတ်ရတာလည်း စိတ်မတည်ငြိမ်တော့ ဗြောင်းတိ ဗြောင်းပြန်တွေသာ ဖြစ်နေတော့သည်။

ပုံစံမောင်းနေတဲ့ နေရာက ပြန့်လွင့်လာတဲ့ အသံတွေက စိတ်မတည်ငြိမ်နိုင် စရာအသံတွေပါ။
“ပုံစံ… ပုံစံကြီး .. ပုံစံ”
“ ဘာတိုက်လဲဟေ့”
“ အပြစ်ဒဏ်တိုက်ပါ ဆရာကြီး”
“ကြောက်ပြီလားဟေ့”
“ကြောက်ပါပြီရှင့်”
“ပုံစံ” “ပုံစံကြီး” စသည်ဖြင့် တာဝန်ကျ အာဏာ ပါးကွက်သား၏ ငှက်ဆိုးသံနှင့် အတူ အကျဉ်းသားများ အသံကုန် ပြန်ဖြေသံ ရိုက်နှက်သံ အော်သံတွေနှင့် အတူ ကျနော်ခေါင်းထဲ မကြာခင် ရင်ဆိုင်ရမည့် “ရှင်” ထူးခိုင်းမည့် ပြဿနာကို စိတ်ထဲ ရောက်နေသည်။

နိုင်ငံရေး အကျဉ်းသားများက" ရှင်"ဟု  မထူးပါ။ အဲဒီ အစဉ်လာကို ကျနော်တို့ နှစ်ယောက်အလှည့်ကျမှ  ချိုးဖေါက်လို့ မဖြစ်ပေ။ ဒီတော့ ကျနော်တို့ ရင်ဆိုင်ရမှာ ဘယ်လိုဆိုတာ ကျနော် သိနေသည်။ အပြစ်ဒဏ်ကျ အကျဉ်းသားများ ပြန်ရောက်လာကြသည် အကုန်လုံး ဖုန် အလိမ်းလိမ်း ချွေးသံရွဲရွဲ နှင့် မောကြီးပန်းကြီး ပြန်လာကြရာ လေးလံနေသည့် သူတို့ ခြေလှမ်းများက ခြေထောက်မှ သံခြေကျဉ်းနှင့် ဒေါက်ကြောင့် ခြေလှမ်းရတာ ခက်ခက်ခဲခဲ ရှိလှသည်။

မှတ်မှတ်ရရ ဂျိုးသိန်း ဆေးပေါ့လိပ်မှ  ထောင်တွင်း ဆေးပေါ့လိပ် ရောင်းချခွင့် ရရှိရန် သံခြေကျဉ်းများ ဒေါက်များကို အကျဉ်းဦးစီးအား  နှစ်စဉ် လှူဒါန်းသည်ကို ဂျိုးသိန်းဆေးပေါ့လိပ် ကြိုက်သူ ညီအကိုများကို သိစေချင်ပါသည်။

ကျနော့် ခြေထောက်တွင် တပ်ဆင်ထားခြင်းခံရသော စစ်ခွေးတိုက်မှာ အရှည်ဆုံးဖြစ်သည့်  နှစ်ပေဒေါက် တုတ်တုတ်ကြီးကို ပြန်ငုံကြည့်ရင်း သက်ပြင်းချ မိရင်း စိတ်ကိုတင်းထားလိုက်သည်။ လာမယ့်ဘေး ပြေးတွေ့ရုံပေါ့။

နေ့စဉ် ရိုက်နှက်ခံထားရသော ခန္ဓာကိုယ်၏  နာကျင်မှုတွေထက် ရင်ထဲက တလှပ်လှပ် ဖြစ်နေသည့် စိုးရိမ်စိတ်၊ နာကျည်းခံပြင်းစိတ်နှင့် ဝမ်းနည်းသည့် စိတ်ခံစားမှုတို့က ပိုဆိုးဝါးလှသည်။ ကျနော့်စိတ်ကို မာန်သွင်းပြီး တင်းလိုက်သည်။ ပင့်သက်ရှိုက်ရှူလိုက်ရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ ကျနော့် လက်မောင်း လက်ဖျံတို့မှ သွေးကြောများ ထောင်ထလာသည်။ သွေးခုန်နှုန်းတို့ မြန်လာသည်။

ငါ့အရင်က တိုင်းပြည်ကို ချစ်တဲ့သူတွေတောင် ဒီလိုပဲ ထိန်းလာတဲ့ သိက္ခာကို ငါ့အလှည့်ကျမှ ကျောင်းသားသိက္ခာ၊ နိုင်ငံရေးသမားသိက္ခာ အကျမခံနိုင်ဘူးလို့ ကိုယ့်ကိုကိုယ် သတိပေးလိုက်သည်။ ကျနော်နှင့် အတူရောက်လာတဲ့ နဂါးလေးကတော့ စိတ်ချရသည်။ သူက ထောင်တွင်း စာဥအရေးခင်းမှာ အမာခံ အစာငတ်ခံ ဆန္ဒပြသူတဦးလည်း ဖြစ်ပေသည်။

ဂုဏ်သိက္ခာအတွက် ကျောရင်းခြင်း

အ၀င်း ရောက်လာပြီး ကျနော်ကို ပြောသည်။
"ကောင်လေးရေ မင်းတို့တော့ ပြာပြီ ခေါင်းသုံးကွာ အသားအနာမခံနှင့် ရှောသွားမယ် " " ပုဆိုးခိုင်ခိုင်ဝတ်ထား" ပြောကာ နောက်ဆုံး အခန်းရှိ နဂါးလေးကို သွားထုတ်လာသည်။
နဂါးလေး ထုတ်လာပြီးနောက်  ကျနော့်အခန်းကို လာဖွင့်သည်။ ကျနော့် တံခါးကို ဖွင်နေစဉ်  နဂါးလေးက တောင့်ထား အေးဆေးပါ ဆိုတဲ့ မျက်နှာ အမူရာနှင့် အ၀င်း နောက်ကနေ မျက်နှာရိပ်ပြသည်။ ပြီးတော့ အ၀င်းကို မျက်စပစ်ပြပြီး အပ် လို့လဲ ပါးစပ် အမူအရာနှင့် ပြောသည်။  ကျနော် မသိမသာ ခေါင်းဆတ်ပြလိုက်ပြီး အပြင်သို့ထွက်လာလိုက်သည်။

ကျနော်တို့ ထွက်လာပါပြီ ။ စစ်ခွေးလို့ခေါ်တဲ့ ခွေးဝဲစားများကို အပြင်ထုတ်ပြီး လေ့ကျင့်သည့် ဘောလုံးကွင်းငယ် တခုစာ သဲပြင်ရှေ့ကို ရောက်လာတဲ့ခါ အ၀င်းက ကျနော်တို့ကို ပုံစံထိုင်ထား လို့ပြောပြီး။ စစ်ခွေးတိုက်ဖက်ကို သွားသတင်းပို့သည်။
အ၀င်းသွားနေတုန်း နဂါးလေးမှာ ခေါင်းငုံထားရင်း “ ဘာမှ မဖြစ်ဘူး တောင့်ထား ဒီနေ့ကို တို့ခံနိုင်ရင် တို့တွေ ပြီးပြီ” “ရိုက်ရင် ပြန်ပြီး ဒီကောင်တွေ မျက်နှာကိုမော့ မကြည့်မိစေနဲ့” “ ရင်ဝကို အကန်မခံရအောင် သတိထား” စသည်ဖြင့် နဂါးလေး၏ လေသံနှင့် သတိပေးသံကို နားထောင်ရင် စောင့်နေတုန်း အကစ ၀န်ထမ်းအချို့ ရောက်လာသည်။


“အေးစေ” လို့အော်လိုက်ပြီး
“ ဟေ့ကောင်လေးတွေ နားထောင် မင်းတို့ရောက်လာတာ တို့ကခေါ်တာ မဟုတ်ဘူး မင်းတို့ အပြစ်နဲ့ မင်းတို့ရောက်လာတာ”

“ မင်းတို့ကို ချစ်လဲမချစ်ဘူး မုန်းလဲမမုန်းဘူး ငါတို့က မနက်နိုင်ငံတော်အလံ အလေးပြုပြီးတာနဲ့ တာဝန်ဆိုတာပဲ တို့သိတော့တယ်”
“ တာဝန်က တို့အသက် တို့တာဝန်ကို တို့ထမ်းဆောင်တာ”
“မင်းတို့ကိုပြောချင်တာ တို့တာဝန်ကို တို့ထမ်းဆောင်တာ မင်းတို့ကို ရန်သူလို့လဲ သဘောမထားဘူး မိတ်ဆွေလို့လဲ သဘောမထားဘူး ဒီတော့ မင်းတို့ ငါအုပ်ချုပ်တဲ့ ဒီစစ်ခွေးတိုက်မှာ ဘာပြဿနာမှ ရှာဖို့ မကြိုးစားနှင့် နစ်နာသွားမယ် မင်းတို့လည်း ပညာတတ်တွေပဲ ခေါင်းသုံးပါ။ ခေါင်းမသုံးရင် မင်းတို့ထိုက်နှင့် မင်းတို့ကံပဲ ကြားလား” စသည့် မိန့်ခွန်းများကို တပ်ကြပ်ကြီးခင်မောင်က ခြွေပါသည်။

သူ့မိန့်ခွန်းခြွေနေတဲ့ အချိန်မှာ လွန်စွာမှ မိုက်တိမိုက်ကန်းနိုင်လှသော  ၀န်ထမ်းသုံးယောက်က ရာဘာတုက်ကိုယ်စီနဲ့ မနှစ်မြို့စရာ ရပ်စောင့်နေသည်။ သူမိန့်ခွန်းခြွေပြီးတော့ သူကို အဲဒီဝန်ထမ်းသုံးယောက်က အလေးပြုဆိုပြီး အလေးပြုလိုက်ပြီးနောက် တပ်ကြပ်ကြီးခင်မောင် ထွက်သွားလေသည်။

ကျနော်တို့နှစ်ယောက်ကို ပုံစံ ပုံစံကြီး ဆိုပြီး အမိန့်ပေးကာ ပုံစံမောင်းပါသည်။ ပုံစံကြီးပေးပြီး အကြာကြီးထားတဲ့ အခါ ခြေဖျားထောက် ဒူးကွေး ထားရပြီး ခါးကွေးကာ လက်နှစ်ဖက်ကို နောက်စေ့မှာ တင်ကာ မျက်နှာကို အရှေ့ ကြည့်နေရသော ပုံစံကြီးကြောင့် ဒူးတွေ တုန်လာကာ ခြေဖျားကျသွားပါသည်။ အဲဒီလိုကျချိန်မှာ ရာဘာတုတ်တွေက ခေါင်းကို ကျောကို တဖုန်းဖုန်းနှင့် ရောက်လာသည်။

လဲပြိုကြရင် အကန်ပါခံရသည်။ နေကပူပူ သဲပြင်ပေါ်မှာ လဲကျရင်လဲ သဲတွေ နာခေါင်းထဲ ၀င်ကာ အဆင်မပြေလှပါ။ ရန်သူလို သဘောမထားတဲ့ တာဝန်ထမ်းဆောင်ခြင်းက
" ရဲမင်းထွန်းဆိုတာ မင်းလားကွ"
"နဂါးလေးဆိုတာ မင်းလားကွ" ဆိုပြီး မေးမေးပြီး ရိုက်ပါတော့သည်။
" အဆောင်မှာ လူပါးဝတာ မင်းလားကွ" ဆိုတာမျိုးလည်း ပါသည်။
"နိုင်ငံတော်ကို ဒုက္ခပေးနေတဲ့ကောင်တွေ မင်းတို့သေမှ အေးမယ်" ဆိုတဲ့ တာဝန်သိသိ သစ္စာရှိရှိကြိမ်းမောင်းခြင်းလည်း ပါလိုက်သေးသည်။

"ကြောက်ပြီလားကွ" "ကြောက်ပါပြီ ရှင်လို့ထူးစမ်း" ဆိုပြီး ရိုက်သည်။ ကျနော်တို့မှာ ရှင် မထူးရေး တခုသာ ရှိသောကြောင့် ရှင် ထူးခိုင်းခြင်းသည်ကား ကျနော်တို့ ပိုအရိုက်ခံရခြင်းသာ ဖြစ်ပေတော့သည်။ ၀န်ထမ်းသုံးဦး၏ လက်သံပြောင်ပြောင်နဲ့ တာဝန်ထမ်းဆောင်လိုက်တာ ကျနော်နှင့် နဂါးလေး လမ်းမလျှောက်နိုင်တော့ပဲ စစ်ခွေးတိုက်ကို တဖက်တယောက်စီ ဆွဲပြီး ပြန်သွင်းရတဲ့ ဘ၀ရောက်မှ ကျနော်တို့ကို စစ်ခွေး၏ အစွဲချွတ်ခြင်း သင်ခန်းစာပြီးလေသည်။

ဒေါင်းအလံမလဲခြင်း
တကိုယ်လုံးနာကျင်လွန်းလို့ ဘာမှန်းကို မသိတော့ပါ။ နားတွေလဲ အူပြီးစီနေသည်။ ခြေထောက်တွေက အကြောလိုက်သလို တုန်နေတာ ဘယ်လို စစ်ခွေးတိုက်ကို ပြန်ရောက်လာမှန်း မသိဘူး။ သတိရတချက် မရတချက် အိပ်ပျော်သွားတော့သည်။ ကျနော့်အထင် နှစ်ရက်လောက် ကျနော်မထနိုင်ဘူး။

သူတို့ပစ်ထည့်သွားတဲ့ နေရာမှပုံလဲနေတာ အ၀င်းက ဆေးလာတိုက်တာတော့ သိသည်။ စားချင် သောက်ချင် စိတ်ထက် နှုံးပြီးတော့ လူကမျက်လုံးလည်း မဖွင့်နိုင်ပါ။ မျက်လုံးဖွင့်ရင် လောကကြီးက လည်နေသည်။ မျက်လုံးမှိတ်ထားမှ သက်သာလို့ ကျနော်တော့ မလှုပ်မရှက် နေတော့သည်။
နောက်မှ အ၀င်း ပြန်ပြောပြချက်အရ ကျနော်နှင့် နဂါးလေးကို ရိုက်သည့် ၀န်ထမ်းသုံးယောက် လက်မြှောက်သွားကြောင်း တယောက်ဆို လက်အကြောတင် သွားပါသည်တဲ့  သူတို့ပြောသည်က ခွေးသားလေးနှစ်ကောင် ဆက်လုပ်ရရင် သေဖို့ပဲကျန်တော့လို့ ရပ်လိုက်ရသည်တဲ့။
ဘာပဲပြောပြော စစ်ခွေးမှာ ရှင်မထူးရတဲ့ လက်မှတ်ကို ကျနော်တို့ နှစ်ဦး ပိုင်ဆိုင် သွားပါပြီ။ နိုင်ငံရေး အကျဉ်းသားတို့၏ အစဉ်လာကို ကျနော်တို့သည်လည်း ဆက်လက် စောင့်ထိန်း လိုက် နိုင်သည်။

ဒေါင်းအလံသည်ကား ကျောင်းနံရံတဝိုက်မှာ ပြန်စိုက်ဖို့အရေး ထောင်နံရံတိုက်မှာ  သွေးနဲ့ရေးခဲ့ပါပြီ။

ရဲမင်းထွန်း

သမိုင်းတကွေ့မှ ဗိုလ်နေဝင်း

သမိုင်းတကွေ့မှ အငြိမ်းစားဗိုလ်ချုပ်ကြီးနေဝင်း
သန်းဝင်းလှိုင် 
မေ ၁၃၊ ၂၀၁၂ http://moemaka.blogspot.in/2012/05/than-win-hlaing-articles_13.html?spref=fb
မြန်မာပြည်တွင် နာမည်ဆိုးနှင့်ကျော်ကြားခဲ့သည့် ကွယ်လွန်သူ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီဥက္ကဋ္ဌ၊ သမ္မ တဟောင်းနှင့်စစ်အာဏာရှင် အငြိမ်းစားဗိုလ်ချုပ်ကြီးနေဝင်းသည် သခင်ဗစိန်၊ သခင်ထွန်းအုပ်တို့ဦးစီးသော တို့ဗမာအစည်းအရုံးမှ အဖွဲ့ဝင် ဖြစ်ပြီး၊ ဂျပန်စစ်ပညာသင် စတုတ္ထအသုတ်အဖွဲ့ဝင်လည်း ဖြစ်သည်။

အငြိမ်းစားဗိုလ်ချုပ်ကြီးနေဝင်း၏ အမည်အရင်းမှာ ကိုရှုမောင်ဖြစ်သည်။ သခင်ဗစိန်၊ သခင်ထွန်းအုပ်တို့ဦးစီးသော တို့ဗမာအစည်းအရုံးသို့ ဝင်ရောက်လာသောအခါ သခင်ရှုမောင်ဖြစ်လာသည်။ ဂျပန်စစ်ပညာသင်တန်းတက်စဉ်က ဂျပန်အမည်မှာ တကာစုဂိစုစုမု (Takasugi Susumu) ဖြစ်သည်။ ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ၂၆ ရက်နေ့၌ ဗိုလ်အမည်ခံယူရာတွင် ဗိုလ်နေဝင်းဖြစ်လာခဲ့သည်။ ၁၉၇၄ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေးကောင်စီကိုဖျက်သိမ်း
၍ နိုင်ငံတော်ကောင်စီစတင်ဖွဲ့စည်းချိန်တွင် ဦးနေဝင်းဖြစ်လာသည်။

ဦးနေဝင်းကို ၁၉၁၀ ပြည့်နှစ် ဇူလိုင်လ ၆ ရက် ဗုဒ္ဓဟူးနေ့တွင် ပြည်ခရိုင်၊ ပေါင်းတလည်မြို့နယ် ချောင်ေးဂါင်းရွာ၌ ဖွားမြင်ခဲ့သည်။ ဦးနေဝင်း ၏မွေးသက္ကရာဇ်ကို Who’s Who in Burma စာအုပ်နှင့် ဒေါက်တာမောင်မောင်ရေးသားသော ‘မြန်မာနိုင်ငံရေးခရီးနှင့် ဗိုလ်ချုပ်ကြီးနေဝင်း’ စာအုပ် စာမျက်နှာ ၆၉ ၌ - ၁၉၁၁ ခုနှစ် မေလ ၂၄ ရက်ဟူ၍ဖော်ပြထားသလို၊ ဦးနေဝင်းကွယ်လွန်ပြီး သုံးရက်အကြာ ၂၀၀၂ ခုနှစ် ဒီဇင် ဘာလ ၇ ရက်နေ့၌ အစိုးရပိုင်သတင်းစာများ နာရေးကြော်ငြာတွင်လည်း ယင်းအတိုင်းပင်ဖော်ပြထားသည်။ အချို့စာအုပ်များ၌ ဦးနေဝင်း၏ မွေးသက္ကရာဇ်ကို ၁၉၁၁ ခုနှစ် မေလ ၁၄ ရက် တနင်္ဂနွေ နေ့ဟူ၍ ဖော်ပြထားသည်။ သို့သော် ဦးနေဝင်း၏ဇာတာကို အမြဲတမ်းစစ်ဆေးပေးသော ဝေဒပညာရှင် ဒေါက်တာဖေဉာဏ်က အဆိုပါခုနှစ်များမှာ မမှန်ဟုဆိုပြီး၊ ၁၉၁၀ ပြည့်နှစ် ဇူလိုင်လ ၆ ရက် ဗုဒ္ဓဟူးနေ့သာ အမှန်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံစစ်အစိုးရလက်ထက် အဆက်ဆက်ထုတ်ဝေသောစာအုပ်များ၌ ဦးနေဝင်း၏မိဘအမည်ကို အဖဦးဖိုးခ၊ အမိ ဒေါ်မိ လေး ဗမာလူမျိုး ဗုဒ္ဓဘာသာဝင်ဟုဖော်ပြနေသောလည်း ဦးဖိုးခမှာ တရုတ်ပြည် ကွမ်တုံဒေသမှ ဟပ်ကလူမျိုးဖြစ်ပြီး ဝက်ကုန်သည်ဟု ဝါ ရင့်နိုင်ငံရေးသမားကြီးနှင့် ဗဟိုတရားရုံးချုပ်ရှေ့နေကြီး မွန်ဦးဖိုးချိုက စာရေးသူအားပြောပြဖူးသည်။ ဦးနေဝင်း၏မိခင် ဒေါ်မိလေးမှာ ပေါင်း တလည်နှင့်မလှမ်းမကမ်းမှ ပေါက်ခေါင်းသူဖြစ်သည်။ ဒေါက်တာမောင်မောင်၏ ‘မြန်မာ့နိုင်ငံရေးခရီးနှင့်ဗိုလ်ချုပ်ကြီးနေဝင်း’ စာအုပ် စာမျက် နှာ ၇၀ ၌ ...

“အိမ်ထောင်ကျပြီးသောအခါ ဦးဖိုးခက ဇနီးကို ပေါင်းတလည်အစွန် ‘အောင်သွယ်မရှာ’ ရွာတွင် အိုးအိမ်ထူပေးသည်။ သားဦးကိုမွေးဖွား ခဲ့သောအိမ်သည် ယခုမရှိတော့ပြီ။ အိမ်နေရာ၊ ပန္နက်နှင့် ဆူးခြုံဖုံးသော ပေပင်ငုတ်တိုတို့သာ ကျန်သည်။ အောင်သွယ်မရှာရွာမှ အိမ်ထောင် များသည် မောင်ရှုမောင်တို့ ခပ်ငယ်ငယ်ကပင် ပေါင်းတလည်သို့ရွှေ့ကြသည်။ ဦးဖိုးခ ဒေါ်မိလေးတို့လည်း ရွှေ့ပြောင်းရာတွင်ပါသည်” ဟူ ၍ဖော်ပြထားသည်။ ဦးနေဝင်း၏ငယ်မည် “ရှုမောင်” ကိုလည်း ဒေါက်တာမောင်မောင်စာအုပ်၌ သားဦးကိုချစ်၍လည်းမဆုံး၊ မော်၍လည်း မဆုံး ဖခင်မိခင်တို့၏ မျက်ရှုဟူသောအဓိပ္ပါယ်ဖြင့် ‘ရှုမောင်’ ဟုခေါ်ခြင်း”ဟု ရေးသားထားသော်လည်း ဦးဖိုးခက ၎င်း၏ရုပ်ရည်သန့်ပြန့်သည်ဟူ သော တရုတ်ဝေါဟာရဖြင့် “ရှု”ထည့်ကာ ရှုမောင်ဟုမှည့်ခေါ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ထို့နောက် မောင်ရှုမောင်သည် ပေါင်းတလည်မြို့ မြန်မာစာသင်ကျောင်း၊ ပြည်အမျိုးသားအထက်တန်းကျောင်း၊ ပြည်အစိုးရ အထက်တန်း ကျောင်းတို့တွင် ပညာသင်ခဲ့သည်။ ၁၉၂၉ ခုနှစ်တွင် ဆယ်တန်းအောင်ခဲ့သည်။ ၁၉၂၉-၃၁ တွင် ရန်ကုန်တက္ကသိုလ်၌ ဆက်လက်ပညာ သင်ကြားခဲ့ရာ ၁၉၃၁ ခုနှစ်တွင် ဥပစာသိပ္ပံ (ခ) တန်းစာမေးပွဲ၌ ပါဏဗေဒ (ယခင်ခေတ် ဇီဝဗေဒ) ဘာသာရပ်တွင် ကျရှုံးခဲ့သဖြင့် ကျောင်း ထွက်ခဲ့ရသည်။

ယင်းနောက် ၁၉၃၁ ခုနှစ်တွင် ကိုရှုမောင်သည် ရန်ကုန်မြို့ ၃၅ လမ်းတွင် သူငယ်ချင်းများနှင့်အခန်းငှား၍ ရန်ကုန်မီးရထား စာတိုက်ဋ္ဌာန၌ စာရေးအဖြစ် တစ်နှစ်ခန့်ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် စာတိုက်နှင့်ကြေးနန်းဋ္ဌာနစာရေးအဖြစ် ၁၉၃၆ ခုနှစ်အထိ အမှုထမ်း ခဲ့သည်။ ၁၉၃၅ ခုနှစ်တွင် ဦးလေးသခင်ညီကိုအကြောင်းပြု၍ တို့ဗမာအစည်းအရုံးဝင် သခင်ဗစိန်၊ သခင်ထွန်းအုပ်၊ သခင်အောင်သန်း (ဗိုလ်စကြာ) တို့နှင့် ရင်းနှီးရာမှ တို့ဗမာအစည်းအရုံးဝင်ခဲ့ရာ သခင်ရှုမောင်ဖြစ်လာသည်။ ၁၉၃၈ ခုနှစ် နိုဝင်ဘာလတွင် တို့ဗမာအစည်းအရုံး နှစ်ခြမ်းကွဲသောအခါ သခင်ဗစိန်၊ သခင်ထွန်းအုပ် အုပ်စု တို့ဗမာအစည်းအရုံး၌် ပါဝင်ခဲ့သည်။

ဂျပန်နိုင်ငံသို့ စစ်ပညာသင်ရန်အတွက် ၁၉၄၁ ခုနှစ် ဇူလိုင်လ၈ရက်နေ့တွင် ကိုရိယုမာရူး (Koriyu Maru) သဘောင်္ဖြင့် ဂျပန်သို့ စေလွှတ် သော မြန်မာမျိုးချစ်လူငယ်စတုတ္ထအသုတ်တွင် သခင်ရှုမောင်သည်ပါဝင်ခဲ့သည်။ ယင်းအသုတ်သည် ရဲဘော် သုံးကျိပ်၏ နောက်ဆုံးအသုတ် ဖြစ်သည်။ ယင်းအဖွဲ့၌ သခင်ထွန်းအုပ်သည် အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး၊ သခင်ကျော်စိန် (ဗိုလ်မိုးညို)၊ သခင်ငွေ (ဗိုလ်စောအောင်)၊ သခင် သစ် (ဗိုလ်စောနောင်)၊ သခင်စံလှိုင် (ဗိုလ်အောင်)၊ သခင်ထွန်းခင် (ဗိုလ်မြင့်ဆွေ)၊ သခင်ထွန်းလွင် (ဗိုလ်ဗလ)၊ သခင်မောင်မောင် (ဗိုလ်ဉာဏ)၊ သခင်လှ (ဗိုလ်မင်းရောင်)၊ သခင်သန်းညွန့် (ဗိုလ်ဇင်ယော်) တို့ပါဝင်သည်။

ဂျပန်စစ်ပညာသင်ရဲဘော်သုံးကျိပ်အဖွဲ့တွင် အဓိကသခင်အဖွဲ့ကြီးနှစ်ဖွဲ့ ပါဝင်သည်။ ကျန်ပုဂ္ဂိုလ်များမှာ ကျောင်းသားအဖွဲ့မှဖြစ်ပြီး၊ တသီး ပုဂ္ဂလတစ်ဦး ပါဝင်သည်။

• သခင်ကိုယ်တော်မှိုင်း တို့ဗမာအစည်းအရုံးဝင် ရဲဘော်သုံးကျိပ်ဝင်များ
(၁) သခင်အောင်ဆန်း - ဗိုလ်တေဇ(ဗိုလ်ချုပ်အောင်ဆန်း)
(၂) သခင်လှမြိုင် - ဗိုလ်ရန်အောင်
(၃) သခင်လှဖေ - ဗိုလ်လက်ျာ
(၄) သခင်အေးမောင် - ဗိုလ်မိုး
(၅) သခင်စောလွင် - ဗိုလ်မင်းခေါင်
(၆) သခင်စိုး - ဗိုလ်မြင့်အောင်
(၇) သခင်တင်အေး - ဗိုလ်ဘုန်းမြင့်
(၈) သခင်ထွန်းရွှေ - ဗိုလ်လင်းယုန်
(၉) သခင်သန်းတင်(၂) - ဗိုလ်မြဒင်
(၁၀) သခင်ခင်မောင်ဦး - ဗိုလ်တာရာ
(၁၁) သခင်စံမြ - ဗိုလ်တောက်ထိန်
(၁၂) သခင်ထွန်းလွင် - ဗိုလ်ဗလ
(၁၃) သခင်စံလှိုင် - ဗိုလ်အောင်
(၁၄) သခင်မောင်မောင် - ဗိုလ်ဉာဏ
(၁၅) သခင်လှ - ဗိုလ်မင်းရောင်
(၁၆) သခင်သန်းညွှန့် - ဗိုလ်ဇင်ယော်
(၁၇) သခင်ဘဂျမ်း - ဗိုလ်လရောင်

• သခင်ဗစိန်၊ သခင်ထွန်းအုပ် တို့ဗမာအစည်းအရုံးဝင် ရဲဘော်သုံးကျိပ်ဝင်များ
(၁၈) သခင်ထွန်းအုပ် - အုပ်ချုပ်ရေးပညာသင်ကြား၍ ဗိုလ်ဘွဲ့မခံ
(၁၉) သခင်အောင်သန်း - ဗိုလ်စကြာ
(၂၀) သခင်ရှုမောင် - ဗိုလ်နေဝင်း
(၂၁) သခင်ထွန်းခင် - ဗိုလ်မြင့်ဆွေ
(၂၂) သခင်ငွေ - ဗိုလ်စောအောင်
(၂၃) သခင်သစ် - ဗိုလ်စောနောင်
(၂၄) သခင်ကျော်စိန် - ဗိုလ်မိုးညို
(၂၅) သခင်သန်းတင် (၁) - ဗိုလ်ဘွဲ့မရမီတိုင်ပေဆေးရုံတွင်ကွယ်လွန်

• ကျောင်းသားအဖွဲ့
(၂၆) ကိုလှမောင် - ဗိုလ်ဇေယျ
(၂၇) ကိုရွှေ- ဗိုလ်ကျော်ဇော
(၂၈) ကိုထွန်းရှိန် - ဗိုလ်ရန်နိုင်
(၂၉) ကိုအောင်သိန်း - ဗိုလ်ရဲထွဋ်

• တသီးပုဂ္ဂလအဖွဲ့
(၃၀) ကိုဆောင်း - ဗိုလ်ထိန်ဝင်း (တိုကျိုမြို့လက်မှုပညာအတတ်သင်တက္ကသိုလ်တွင် ပညာသင်ကြားနေသူ)

သခင်ရှုမောင်တို့ပါဝင်သော စတုတ္ထအသုတ်သည် ရှန်ဟိုင်းသို့ ၁၉၄၁ခုနှစ် ဇူလိုင်လ၂၂ရက်နေ့တွင်ရောက်ရှိပြီး ရှန်ဟိုင်းမှ လေယာဉ်ဖြင့် ဂျ ပန်သို့ ဆက်လက်ထွက်ခွာရာ ဇူလိုင်လ ၂၄ ရက်နေ့တွင် ဂျပန်နိုင်ငံ ကျူးရှူးကျွန်း နာဂါဆာကီမြို့အနီးရှိ ရေတပ်စခန်းသို့ ရောက်ခဲ့သည်။ သြဂုတ်လ ၁၁ ရက်နေ့တွင် ဟိုင်းနန်ကျွန်းသို့ ရောက်ရှိခဲ့သည်။ ယင်းနောက် ဟိုင်နန်ကျွန်းနှင့် ထိုင်ဝမ်ကျွန်းတွင် စစ်ပညာရပ်များ သင်ကြား ခဲ့သည်။

ရဲဘော်သုံးကျိပ်များကို တပ်ဖွဲ့(၃) ဖွဲ့ခွဲ၍ ၁၉၄၁ ခုနှစ် ဧပြီလ ၂၅ ရက်နေ့မှစ၍ ဟိုင်နန်ကျွန်းရှိ ခန်းယ စစ်ပညာသင်တန်းကျောင်းတွင် သင် ကြားပေးခဲ့သည်။ သခင်ရှုမောင်ကို တပ်မတော်သမိုင်းစာအုပ်တွင် ဗိုလ်ချုပ်အောင်ဆန်းတို့၏တပ်ဖွဲ့ (၃) တွင် ထည့်သွင်းထားသော်လည်း ဗိုလ်မှူးချုပ်ကျော်ဇောက ၎င်း၏ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ်၌ တပ်ဖွဲ့ (၂)၊ ပြည်တွင်းသူပုန်အဖွဲ့၌ သာ ပါရှိသည်ဟူ၍ ဖော်ပြထားပါသည်။

တပ်ဖွဲ့(၂)တွင်ပါဝင်ခဲ့သော အရှေ့ရန်ကင်းဂျူပလက် အမှတ်၁၄၀(က)နေ ဗိုလ်တာရာကလည်း သူတို့တပ်ဖွဲ့တွင် သခင်ကျော်စိန် (ဗိုလ်မိုး ညို)၊ သခင်ငွေ (ဗိုလ်စောအောင်)၊ သခင်စောလွင် (ဗိုလ်မင်းခေါင်)၊ ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်)၊ သခင်သစ် (ဗိုလ်စောနောင်)၊ သခင်သန်းတင် (၂) (ဗိုလ်မြဒင်)၊ သခင်ရှုမောင် (ဗိုလ်နေဝင်း) နှင့် သူ (ဗိုလ်တာရာ) ပါဝင်ကြောင်း၊ အခြေခံစစ်ပညာ၊ ဖောက်ခွဲဖျက်ဆီးရေးနည်းပညာများ ထောက်လှမ်းရေးနှင့် ဆက်သွယ်ရေးပညာရပ်များ အလေးထားသင်ယူရပြီး သင်တန်းဆရာမှာ ဗိုလ်တာရာဖြစ်သည်ဟုဆိုသည်။ ဗိုလ်နေ ဝင်းသည် မွေးရာပါ ဖျက်ဆီးရေးသမားဖြစ်သည်။ ကလေးဘဝကပင် အကြမ်းဖက်မှုနှင့်ဖျက်ဆီးရေးတို့တွင် သူ့အစွမ်းအစကိုပြသခဲ့သည်။ ပေါက်ခေါင်းတွင် သူတက်နေသောမူလတန်းကျောင်းကို မီးရှို့ဖျက်ဆီးရန်ကြိုးစားခဲ့ဖူးသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ကျောင်း ပညာကိုမသင်လိုသောကြောင့်ဟု ဆိုသည်။ ဟိုင်နန်ကျွန်းတွင်လည်း အဖျက်အမှောင့်လုပ်ငန်း (Sabotage)၊ ဖျက်လိုဖျက်ဆီးအနှောင့်အယှက်ပေးရန် သွေးဆောင်နိုင်စွမ်း (Subversion) ကို ပြသခဲ့သည်။

ယင်းနောက် ရဲဘော်သုံးကျိပ်ဝင်များအားလုံး စန်းယစစ်ပညာသင်တန်းကျောင်းမှ တရုတ်တိုင်ပေကျွန်း တာမာဆာတိုမြို့ (Tamasato) ဗိုလ် သင်တန်းကျောင်းသို့ ပြောင်းရွှေ့၍ တပ်စု၊ တပ်ခွဲတိုက်ပွဲများ၊ ညတိုက်ပွဲများ၊ စစ်မြေပုံတိုက်ပွဲများ၊ တပ်ရင်း၊ တပ်မဟာ၊ တပ်မတိုက် ပွဲများ၊ လက်နက်ငယ်၊ လက်နက်ကြီး (စိန်ပြောင်း၊ အလတ်အကြီး၊ တင့်ကားပစ်အမြောက်) ပစ်ခတ်နည်းများ၊ အင်ဂျင်နီယာလုပ်ငန်း (တံ တားဆောက်မိုင်းများခွဲခြင်း) များနှင့် ရေကူးသင်ခြင်း၊ ကင်ဒို (ဓားသိုင်း)၊ ဂျူဒို၊ လှံစွပ်ထိုးစသည့် လေ့ကျင့်ခန်းများကို အခြေခံမှစ၍ သင် ကြားခဲ့ရသည်။

ထို့နောက် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ရဲဘော်သုံးကျိပ်ဝင်များအားလုံး မီနာမီကန်၏အစီအစဉ်ဖြင့် အသုတ်လိုက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အင်္ဂလိပ်ပိုင် ဘော်နီယိုကုမ္ပဏီကိုသိမ်းယူကာ ဋ္ဌာနချုပ်ပြုလုပ်၍ မြန်မာလူမျိုးများ မျက်စိအထူးကုဆရာဝန်ကြီး ဦးထွန်း ဖေအိမ်တွင် ဗိုလ်ဘွဲ့ခံယူရာ သခင်ရှုမောင်သည် ဗိုလ်နေဝင်းဖြစ်လာသည်။

ဗိုလ်တေဇခေါ် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော မြန်မာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) မြန်မာပြည်အတွင်းသို့မဝင်မီ ဗိုလ်နေ ဝင်းအား ပြည်တွင်းသူပုန်တပ်ဖွဲ့ကိုဦးဆောင်ကာ မြန်မာပြည်တွင်းသို့ဝင်ရောက်၍ တော်လှန်ရေးလုပ်ငန်းများဆောင်ရွက်ရန် အမိန့်ထုတ်ပြန် ခဲ့သည်။ ၁၉၄၂ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ဗိုလ်နေဝင်းခေါင်းဆောင်သည့် ပြည်တွင်းသူပုန်တပ်ဖွဲ့သည် ရဟိုင်းမှတဆင့် ထိုင်း-မြန် မာနယ်စပ်ရှိ သာဆောင်ရမ်းကိုဖြတ်၍ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့သည်။ ဖေဖော်ဝါရီလ ၂ ရက်နေ့ တွင် ၎င်းတို့အဖွဲ့ ရန်ကုန်မြို့သို့ ရောက်ရှိခဲ့သည်။ ရန်ကုန်တွင် ပြည်သူ့အရေးတော်ပုံပါတီမှ ကိုကျော်ငြိမ်း (ဆိုရှယ်လစ်ပါတီ အထွေထွေအတွင်းရေးမှူး) နှင့်တွေ့ဆုံ၍ ပဲခူး ဘက်၌ စစ်ပညာသင်တန်းပေးခြင်း၊ စစ်လက်နက်ငယ်ပစ်ခတ်နည်းအပါအဝင် မြေအောက်တော်လှန်ရေးလုပ်ငန်းများကို စီစဉ်ဆောင်ရွက်ခဲ့ သည်။

ဗမာ့လွတ်လပ်ရေးတပ်မတော်နှင့် ဂျပန်တပ်မ ၅၅ တို့ ၁၉၄၂ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် ရန်ကုန်မြို့ကိုသိမ်းပိုက်ပြီးနောက် ဗိုလ်နေဝင်းသည် ဘီအိုင်အေတပ်မကြီး (၂) ၏တပ်မမှူးအဖြစ် တာဝန်ထမ်းဆောင်သည်။ ၁၉၄၂ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့ တွင် ဘီအိုင်အေကိုဖျက်သိမ်း၍ ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) ဖွဲ့စည်းသောအခါ ဗိုလ်မှူးအဆင့်ဖြင့် ဘီဒီအေ တပ်ရင်း ၁ ၏ တပ်ရင်းမှူးအဖြစ် ဆောင်ရွက်သည်။ ယင်းနောက် ဗိုလ်မှူးကြီးအဆင့်ဖြင့် ဗမာအမျိုးသားတပ်မတော် (Burma National Army) ၌ စစ်သေနာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၄၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် ဂျပန်တို့ထံမှ လွတ်လပ်ရေးရပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းသည် အစိုးရအဖွဲ့တွင် စစ်ဝန်ကြီး (ကာကွယ်ရေးဝန်ကြီး) ဖြစ်လာပြီး ဗမာ့တပ်မတော်အုပ်ချုပ်ရေးတွက် စစ်ဝန်ကြီးရုံးပေါ်လာသည်။ ၎င်း၏လက်အောက်တွင် စစ်ဦးစီးချုပ်ရုံး လည်း ပေါ်လာသည်။ သခင်ဗစိန်၊ သခင်ထွန်းအုပ်တို့တောင်းဆိုချက်အရ ညီညွတ်ရေးအတွက် ထိုစဉ်က ၎င်းတို့၏ သခင်ဂိုဏ်းမှ ဗိုလ်မှူး ကြီးနေဝင်းကို စစ်ဦးစီးချုပ်ရုံးတွင် စစ်ဦးစီးဋ္ဌာနချုပ်မှူးအဖြစ် ဗိုလ်ချုပ်အောင်ဆန်းက ခန့်အပ်ခဲ့သည်။

သို့သော် ဗိုလ်နေဝင်းသည် တာဝန်နှင့်ဝတ္တရားကိုကောင်းစွာမလုပ်ဘဲ အပျော်အပါးလိုက်စားကာ လောင်းကစားဝိုင်းများ၌သာ အချိန်ဖြုန်းနေ သဖြင့် စစ်ဦးစီးဋ္ဌာနချုပ်မှူးရာထူးမှဖြုတ်ချပြီး စစ်ဝန်ကြီးရုံးလက်အောက်ရှိ ရိက္ခာနှင့်ထောက်ပံ့ရေးဋ္ဌာန ကြီးမှူးနေရာသို့ အဆင့်ချ၍ ပြောင်း ရွှေ့လိုက်သည်။ ၎င်း၏မူလရာထူးနေရာကိုမူ ဗိုလ်မှူးကြီးဇေယျသို့ လွှဲပြောင်းခဲ့သည်။

၁၉၄၄ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်း (ယခုနတ်မောက်လမ်း) နှင့် ဗိုလ်မြတ်ထွန်းလမ်းထောင့်ရှိ ဗိုလ် ချုပ်အောင်ဆန်းနေအိမ်တွင် ဗမာ့တပ်မတော်၊ ပြည်သူ့အရေးတော်ပုံပါတီ၊ ကွန်မြူနစ်ပါတီခေါင်းဆောင်များ ဖက်ဆစ်တိုက်ဖျက် ရေးပြည်သူ့ အဖွဲ့ချုပ် (A.F.O) ဖွဲ့စည်းရေးအစည်းအဝေးပြုလုပ်ရာ ဗိုလ်မှူးကြီးနေဝင်းသည် တပ်မတော်ကိုယ်စားလှယ်အဖွဲ့ဝင်အဖြစ် တက်ရောက်ခဲ့ သည်။

၁၉၄၄ခုနှစ်စက်တင်ဘာလ၁၄ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း၏ဆန္ဒအရ ဗိုလ်မှူးကြီးနေဝင်းအား ဗိုလ်မှူးရဲထွဋ် ပြည်သူ့အရေးတော်ပုံပါ တီမှ ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့နှင့်အတူ ဒေးဒရဲရှိ သခင်စိုးထံ လျှို့ဝှက်သွားရောက်၍ ဖွဲ့စည်းပြီးဖြစ်သော ဖက်ဆစ်တိုက်ဖျက်ရေးပြည်သူ့အဖွဲ့ချုပ်ကို တိုးချဲ့ဖွဲ့စည်းရေး၊ တပ်မတော်အတွင်းရှိလက်ဝဲအင်အားစုများ၊ ပြည်သူ့အရေးတော်ပုံပါတီနှင့် ကွန်မြူနစ်ပါတီတို့ကို တစ်ပါတီ တည်းအဖြစ် ပူးပေါင်းဖွဲ့စည်းရေးနှင့် ဖက်ဆစ်ဂျပန်တော်လှန်ရေးအတွက် ပြင်ဆင်စည်းရုံးမှုလုပ်ငန်းများဆွေးနွေးရန် စေခိုင်းခဲ့သည်။

၁၉၄၅ ခုနှစ်၊ မတ်လ၂၇ ရက် ဖက်ဆစ်တော်လှန်ရေးတွင် ဗိုလ်နေဝင်းအား တိုင်း (၂) မြစ်ဝကျွန်းပေါ်အရှေ့ပိုင်း (ဟံသာဝတီ၊ ဖျာပုံ၊ မအူပင်)တိုင်းမှူး၊ စစ်ရေးခေါင်းဆောင်အဖြစ် တာဝန်ယူစေခဲ့သည်။ သို့သော် ဖက်ဆစ်ဂျပန်တော်လှန်ရေးအတွင်း တော်လှန်ရေးအတွက် ပေးထား သောတာဝန်ကို လုံးဝမလုပ်ဘဲ အပျော်အပါးလိုက်မှု၊ စာရိတ္တပျက်ပြားမှု၊ တပ်တွင်းဂိုဏ်းခွဲလုပ်ဆောင်မှု၊ ၎င်းတာဝန်ကျရာဒေသ၌ ဒေသခံ နိုင်ငံရေးကေဒါများနှင့် မပြေလည်မှု၊ ပြဿနာအကြိမ်ကြိမ်တက်မှုတို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် အတော်ပင်မကျေမနပ်ဖြစ်ကာ စစ်တပ်မှထုတ်ပယ်ရန် အခြားခေါင်းဆောင်များနှင့်တိုင်ပင်ခဲ့သည်။ တော်လှန်ရေးကာလမပြီးဆုံးမီ ဗိုလ်နေဝင်းအားထုတ်ပယ်ပစ်ပါက နယ် ချဲ့တို့နှင့်ပူးပေါင်း၍ အာဏာရှင်စနစ်ဂိုဏ်းခွဲရေးနှင့် အခြားမလိုလားအပ်သော ပြဿနာများရှုပ်ထွေးလာနိုင်သဖြင့် ခေတ္တသည်းခံရန် ဗိုလ် ချုပ်ဖြောင်းဖျခဲ့မှုကြောင့် မထုတ်ပစ်ခဲ့ချေ။

ယင်းနှင့်ပတ်သက်၍ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောက နောင်တွင် သူ၏ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ်၌ အောက်ပါအတိုင်းရေးသားဖော်ပြ ထားလေသည်။

“ကျနော် ဗမာပြည်ကွန်မြူနစ်ပါတီ၏ တော်လှန်ရေးနယ်ရောက်ပြီး နှစ်အတော်ကြာပြီးနောက်ပိုင်း ပါတီဥက္ကဋ္ဌ သခင်ဗသိန်းတင်ကလည်း စကားစပ်မိပြီး ကျနော့်ကိုပြောတာက ဖက်ဆစ်တော်လှန်ရေးပြီးခါစ ဗိုလ်ချုပ်အောင်ဆန်းက ဗိုလ်နေဝင်းအပေါ် အတော်တူးတူးခါးခါးမကျေ နပ်မှုတွေဖြစ်ပြီး စစ်တပ်က အပြီးအပိုင်ဖယ်ရှားထုတ်ပယ်ချင်နေတာကို နိုင်ငံရေးခေါင်းဆောင်အချို့နှင့် တိုင်ပင်ကြောင်းကို သခင်သန်းထွန်း က ဗဟိုကော်မတီဝင်အချို့ကို ပြောခဲ့ကြောင်းပြောပြသည်ကို ကျနော်မှတ်မိနေပါသည်။

ဒီလိုထုတ်ပစ်လိုက်ဖို့ စိုင်းပြင်းနေရင်းနောက်ပိုင်း မထုတ်ပစ်နိုင်ခဲ့ချေ။ ယင်းတွင် အကြောင်းအရင်း (၂) ခုရှိသည်ဟု ထင်ရသည်။ ပထမအ ကြောင်းက ဗိုလ်နေဝင်းရဲ့အကင်းပါပြီး ကောက်ကျစ်လှည့်စားနိုင်မှုဖြစ်သည်။ ဘယ်အချိန် ဘယ်သူတွေနှင့်ပေါင်းပြီး ဘယ်သူတွေကို ခွာရ မည်။ ဘယ်သူတွေကို ကန်ထုတ်နင်းချေရမည်တို့ကို နားလည်ကျင့်သုံးတတ်သူဖြစ် ခြင်းတို့ကြောင့်ဖြစ်သည်။

ဗိုလ်နေဝင်းကိုမထုတ်ပစ်နိုင်သည့်အကြောင်းနှစ်ခုအနက် အခြားအကြောင်းတစ်ခု ကျနော့်အထင် ထိုအချိန် ဗိုလ်ချုပ်အောင်ဆန်းမှာ တော် လှန်ရေးအပြီး ရန်ကုန်ပြန်ရောက်တော့ နေစရာအိုးအိမ်မရှိဘဲ အိမ်ထောင်နှင့်ကလေးတွေနှင့် များစွာအခက်အခဲဖြစ်နေသည်။ ထိုအချိန်က ဗိုလ်နေဝင်းမှာ သူစစ်ဦးစီးချုပ်ဘဝက တိုက်အိမ်ကြီးနှစ်လုံးကို ဘယ်လိုနည်းနှင့် ပိုင်ဆိုင်ထားသည်မသိ။ တစ်လုံးမှာ ဗိုလ်ချုပ်အောင်ဆန်း နေထိုင်ခဲ့၍ ယခု ဗိုလ်ချုပ်ပြတိုက်လုပ်ထားသော တာဝါလိန်းလမ်း (ယခုဗိုလ်ချုပ်အောင်ဆန်းပြတိုက်လမ်း) က တိုက်အိမ်ကြီးဖြစ်ပြီး၊ ဖက်ဆစ်တော်လှန်ရေးပြီးခါစက သူတက်နေသည်။ နောက်တစ်လုံးမှာ ထိုတာဝါလိန်းကုန်းအိမ်ကြီး၏ခြေရင်း ကားလမ်းဘေးရှိ တိုက်အိမ် ဖြစ်သည်။ ၎င်းအိမ်မှာ အပေါ်အိမ်ကြီးလောက် မကောင်းပေ။ ဗိုလ်နေဝင်းက ဗိုလ်ချုပ်အောင်ဆန်းကိုဆွဲခေါ်လာပြီး တာဝါလိန်းကုန်းပေါ်ရှိ တိုက်အိမ်ကြီးကိုအတင်းထိုးပေးပြီး သူကိုယ်တိုင်က ထိုအိမ်လောက်မကောင်းသော ကုန်းအောက်ခြေကတိုက်အိမ်တွင်ဆင်းနေသည်။

ဤတွင် ရိုးသားသောဗိုလ်ချုပ်အောင်ဆန်းအဖို့ ဗိုလ်နေဝင်းသည် စိတ်ရင်းမဆိုး မကောင်းသည့်အကျင့်စရိုက်အချို့ကြောင့် တချို့အားနည်းချက်တွေရှိနေတာဖြစ်သည်။ ပြုပြင်သွားရင် ရနိုင်သည်။ အထူးသဖြင့် သူ့အပေါ် ဒီလောက်လေးစားသဖြင့် သူကြိုးကိုင်သွားလို့ ရနိုင်သည်။ စွန့်ပစ်လိုက်ရအောင်အထိမဆိုးဟု တွက်ချက်ပုံရသွားသည်ဟု ထင်ရသည်။

ထိုအကြောင်းနှစ်ခုကြောင့် ဗိုလ်နေဝင်းကို ထိုစဉ်က တပ်ကထုတ်ပစ်ရေးကိုမလုပ်ဖြစ်ကြတာဟု ယူဆပါသည်။”

ထို့နောက် ၁၉၄၅ ခုနှစ် မေလ ၁ ရက်နေ့တွင် ဗမာ့မျိုးချစ်တပ်မတော် (ဘီအင်န်အေ) သည် ရန်ကုန်မြို့ကိုသိမ်းယူခဲ့သည်။ မေ ၇ ရက်တွင် ရေဒီယိုမှတဆင့် ရန်ကုန်မြို့ကိုသိမ်းယူခဲ့ကြောင်း ဗိုလ်နေဝင်း စစ်ဦးစီးချုပ်ရာထူးဖြင့် အသံလွှင့်ကြေညာခဲ့သည်။ ယင်းအသံလွှင့်ကြေညာ ချက်မှာ ဗိုလ်အောင်ကြီးနှင့်ဦးကျော်ငြိမ်းတို့တိုင်ပင်စီစဉ်၍ ဦးခင်မောင်လတ် (တော်လှန်ရေးကောင်စီအစိုးရလက်ထက် လုပ်သားပြည်သူ့နေ့ စဉ်အင်္ဂလိပ်သတင်းစာ အယ်ဒီတာချုပ်) က အင်္ဂလိပ်လိုရေးသားခြင်းဖြစ်သည်။ မိန့်ခွန်းပါရာထူးအဆင့်ကို အကြောင်းပြု၍ တာဝန်မဲ့လုပ်ရပ် ဟု ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဗြိတိသျှစစ်တပ်အား ဝန်ခံခဲ့ရသည်။

၁၉၄၅ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့တွင်ကျင်းပသော နေသူရိန်လူထုအစည်းအဝေးတွင် ဗိုလ်နေဝင်းသည် ဖဆပလအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ၁၉၄၅ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင်စတင်တည်ထောင်သော ပြည်သူ့လွတ်လပ်ရေးပါတီ (ဆိုရှယ်လစ်ပါ တီ၊မြန်မာပြည်) တွင်လည်းကောင်း ပါဝင်ခဲ့သည်။

၁၉၄၅ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့တွင် တပ်မတော်ရေးရာဆွေးနွေးရန် သီဟိုဠ်ကျွန်း(သီရိလင်္ကာနိုင်ငံ) ကန္ဒီမြို့သို့ သွားရောက်ခဲ့သော မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်ခဲ့သည်။

ကန္ဒီစာချုပ်သဘောတူညီချက်အရ ပြန်လည်ဖွဲ့စည်းသည့် ဗမာ့တပ်မတော်တွင် ဗိုလ်မှူးအဆင့်ဖြင့် ဗမာ့သေနတ်ကိုင် တပ်ရင်း (၄) ဒုတိယ တပ်ရင်းမှူး၊ ၁၉၄၆ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ဒုတိယဗိုလ်မှူးကြီး၊ ၁၉၄၇ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့တွင် ဗိုလ်မှူးချုပ်၊ ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် မြောက်ပိုင်းစစ်ဋ္ဌာနချုပ်တိုင်းမှူး ဖြစ်လာခဲ့သည်။

၁၉၄၈ ခုနှစ် ဇူလိုင်လ ၁၆ ရက်၌ စတင်ဖွဲ့စည်းသည့် လက်ဝဲညီညွတ်ရေးကောင်စီတွင် ဗိုလ်မှူးချုပ်နေဝင်းသည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ သည်။ အတွင်းရေးမှူးမှာ ဦးသိန်းဖေမြင့်ဖြစ်သည်။ သို့သော် လက်ဝဲညီညွတ်ရေးကောင်စီ၏ အာဏာသိမ်းရေးအစီအစဉ်ကို ငြင်းပယ်ခဲ့သည်။ ထို့နောက် ၁၉၄၈ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် ဗမာ့တပ်မတော်ဒုတိယစစ်ဦးချုပ်၊ ဒုတိယစစ်သေနာပတိ၊ သြဂုတ်လ ၁၃ ရက်နေ့တွင် ဗိုလ်ချုပ်ဖြစ်လာသည်။ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(ကေအင်ဒီအို) အရေးအခင်းကြောင့် အစိုးရက တပ်မတော်စစ်ဦးစီးချုပ် ဗိုလ် ချုပ်စမစ်ဒွန်းအား ရာထူးမှဖယ်ရှား၍ ဗိုလ်ချုပ်နေဝင်းအား ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဗမာ့တပ်မတော်စစ်ဦးစီးချုပ်၊ စစ်သေ နာပတိ ခန့်အပ်ခံရသည်။

လွတ်လပ်ရေးရပြီးစ ပြည်ထောင်စုမြန်မာနိုင်ငံတွင် ရောင်စုံသူပုန်များ၏ ဆူပူသောင်းကျန်းမှုများကြောင့် မြန်မာအစိုးရသည် ရန်ကုန်အစိုး ရဟုခေါ်ရလောက်အောင် အခြေအနေဆိုးရွားလာခဲ့သည်။ ထိုသို့နိုင်ငံရေးအခြေအနေ ဆိုးရွားနေသည့်အတွက် ဖဆပလအစိုးရက ဗိုလ်ချုပ် နေဝင်းအား တိုင်းပြည်အခြေအနေကို ဝင်ရောက်ထိန်းသိမ်းပေးရန်အတွက် အစိုးရအဖွဲ့သို့ဝင်ရန် ဖိတ်ခေါ်ခဲ့သည်။ ဗိုလ်ချုပ်နေဝင်းသည် ၁၉၄၉ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် မြန်မာနိုင်ငံတော်အစိုးရအဖွဲ့ ၌ ဒုတိယဝန်ကြီးချုပ်၊ ကာကွယ်ရေးနှင့် ပြည်ထဲရေးဝန်ကြီးဖြစ်လာခဲ့သည်။ ၁၉၄၉ ခုနှစ် မတ်လ ၃ ရက်နေ့တွင် ဗိုလ်ချုပ်နေဝင်းအား အစိုးရက ဒုတိယဗိုလ်ချုပ်ကြီးအဆင့်သို့ တိုးမြှင့်ပေးခဲ့သည်။ ယင်းနောက် ၁၉၅၀ ပြည့်နှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် အစိုးရအဖွဲ့မှ ပြန်လည်နှုတ်ထွက်၍ စစ်တပ်သို့ ပြန်သွားခဲ့သည်။

၁၉၅၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးရာထူး တိုးမြှင့်ခံရသည်။ ၁၉၅၈ ခုနှစ် မေလ ၆ ရက်နေ့တွင် ဖဆပလအဖွဲ့ချုပ်သည် သန့်ရှင်းဖဆပလနှင့် တည်မြဲဖဆပလဟူ၍ နှစ်ခြမ်းအတိအလင်းကွဲခဲ့သည်။ ၁၉၅၈ ခုနှစ် ဇွန်လ ၉ ရက် နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံ ပါလီမန်ပြည်သူ့လွှတ်တော်အထူးအစည်းအဝေးတွင် တည်မြဲဖဆပလမှ ဦးဗဆွေက ဦးနုခေါင်းဆောင်သောအစိုးရအပေါ် အယုံအကြည်မရှိ အဆိုတင်သွင်းခဲ့ရာ အဆိုကို ထောက်ခံသူ ၁၁၉ မဲ၊ ကန့်ကွက်သူ ၁၂၇ မဲရရှိပြီး ကန့်ကွက်သည့်ဘက်က ၈ မဲအသာဖြင့် ရှုံးနိမ့်သွားသည့် အတွက် ဦးနုအစိုးရသည် ဆက်လက်အာဏာတည်မြဲခဲ့သော်လည်း သန့်ရှင်း တည်မြဲဖဆပလ နှစ်ဖက်အုပ်စုကွဲပြားမှုဂယက်ကြောင့် နိုင်ငံ ရေးအခြေအနေများ တနေ့တခြား တင်းမာလာခဲ့သည်။ ထိုအခြေအနေကိုအခွင့်ကောင်းယူ၍ ဗိုလ်ချုပ်ကြီးနေဝင်းက ဝန်ကြီးချုပ်ဦးနုအား အာဏာလွှဲပြောင်းပေးရန် ဗိုလ်မှူးချုပ်အောင်ကြီးနှင့် ဗိုလ်မှူးချုပ်မောင်မောင်တို့မှတဆင့်တောင်းဆိုခိုင်းရာ ဦးနုက စစ်တပ်မှ အာဏာသိမ်း ရေးအစီအစဉ်ကိုလက်မခံဘဲ လွှတ်တော်မှတဆင့် အာဏာလွှဲပြောင်းပေးမှုအဖြစ် နိုင်ငံရေးကုလားဖန်ထိုးကာ ၁၉၅၈ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေဝင်းကိုယ်တိုင် ဝန်ကြီးချုပ်အဖြစ် အစိုးရအဖွဲ့သစ်တစ်ဖွဲ့ကိုဖွဲ့စည်းပြီးလျှင် ၁၉၅၉ ခုနှစ် ဧပြီလမကုန်မီအ တွင်း လွတ်လပ်၍တရားမျှတသော အထွေထွေရွေးကောက်ပွဲကြီးကိုကျင်းပနိုင်အောင် လိုအပ်သည့်အစီအစဉ်များကို ဆောင်ရွက်ပေးရန် ပန်ကြားထားသည့်စာကိုပေးပို့ခဲ့သည်။ ယင်းနေ့မှာပင် ဗိုလ်ချုပ်ကြီးနေဝင်းက နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုထံ အစီအစဉ်ကိုလက်ခံသည့် ပြန် ကြားစာကို ပေးပို့ခဲ့သည်။ သို့သော် အဆိုပါပေးစာနှစ်စောင်စလုံးကို ဝန်ကြီးချုပ်ဦးနုပင် ရေးသားခဲ့ကြောင်း သိရှိရပေသည်။

ယင်းနောက် ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညီညွတ်ရေးတပ်ပေါင်းစု (ပမညတ) အပါအဝင် အတိုက်အခံနိုင်ငံရေးသမားများက ကန့် ကွက်နေသည့်ကြားမှပင် ၁၉၅၈ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုက ပြည်သူ့လွှတ်တော်အစည်းအဝေး၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းကို ဝန်ကြီးချုပ်အဖြစ် အဆိုတင်သွင်းခဲ့သည်။ အောက်တိုဘာလ ၂၉ ရက်နေ့တွင် ဗိုလ် ချုပ်ကြီးနေဝင်းခေါင်းဆောင်သော အစိုးရအဖွဲ့သစ် ကျမ်းသစ္စာကျိန်ဆို၍ နိုင်ငံတော်သမ္မတဦးဝင်းမောင်သည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေ ခံဥပဒေပုဒ်မ ၅၆ (၂) အရ ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဝန်ကြီးများကို ခန့်အပ်သည်။

အစိုးရအဖွဲ့ယင်ဝန်ကြီးများမှာ ..
(၁) ဗိုလ်ချုပ်ကြီးနေဝင်း - နိုင်ငံတော်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဌာန၊ အမျိုးသားစီမံကိန်းဌာန။
(၂) အဂ္ဂမဟာသရေစည်သူသတိုးသီရိသုဓမ္မ ဦးသိမ်းမောင် - ဒုတိယဝန်ကြီးချုပ်၊နိုင်ငံခြားရေးဌာန၊ သာသနာရေးဌာန၊ ကျန်းမာရေးဌာန၊ ပြည်သူ့ဝန်ထမ်းဌာန။
(၃) စဝ်ဝဏ္ဏ - ကယားပြည်နယ်ဌာန။
(၄) မဟာသရေစည်သူဦးခင်မောင်ဖြူ - ပည်ထဲရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဌာန၊ ဒီမိုကရေစီဒေသန္တရအဖွဲ့များ ဝန်ကြီးဌာန၊ လူဝင်မှုကြီး ကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဝန်ကြီးဌာန။
(၅) သတိုးမဟာသရေစည်သူ ဦးချန်ထွန်းအောင် - တရားရေးဝန်ကြီးဌာန။
(၆) ဦးကျော်ငြိမ်း - ဘဏ္ဍာရေးနှင့်အခွန်တော်ဝန်ကြီးဌာန။
(၇) စည်သူဦးဘကြား - ကုန်သွယ်မှုတိုးတက်ရေးဝန်ကြီးဌာန၊ သမဝါယမနှင့်ကုန်စည်ဖြန့်ဖြူးရေးဝန်ကြီးဌာန၊ ပစ္စည်းထောက်ပံ့ရေး ဝန်ကြီး ဌာန။
(၈) သရေစည်သူ ဦးစံညွန့် - သယ်ယူပို့ဆောင်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန၊ ရေကြောင်းနှင့် မြို့ပြလေကြောင်းဝန်ကြီးဌာန၊ ပြည်သူ့လုပ်ငန်း၊ အိမ်ယာဆောက်လုပ်ရေး နှင့်ပြန်လည်ထူထောင်ရေးဝန်ကြီးဌာန။
(၉) ဦးကာ - ပညာရေးဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဝန်ကြီးဌာန။
(၁၀) သီရိပျံချီ ဦးချစ်သောင် - စက်မှုလက်မှုဝန်ကြီးဌာန၊ သတ္တုတွင်းနှင့် အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုယဉ်ကျေးမှုဝန်ကြီးဌာန တို့ဖြစ်သည်။

သို့သော် ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်သော အိမ်စောင့်အစိုးရသည် (၆) လပြည့်သည့်တိုင်အောင် ရွေးကောက်ပွဲကျင်းပမပေးနိုင်၍ ပါလီ မန်အမတ်မဟုတ်သူတစ်ယောက် (၆) လထက်ကျော်လွန်ပြီး ဝန်ကြီး (သို့မဟုတ်) ဝန်ကြီးချုပ်လုပ်ခွင့်မပြုဆိုသည့် ဖွဲ့စည်းပုံအခြေခံဥပ ဒေပုဒ်မ (၁၁၆) ကိုပြင်ဆင်၍ နောက်ထပ် (၆) လတိုးပေးရန်တောင်းဆိုခဲ့ရာ ပါလီမန်၌ အတိုက်အခံများ၏ အပြင်းအထန်ကန့်ကွက်ခြင်း ခံရသည်။ ယင်းနောက် ၁၉၅၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီးနေဝင်းက နိုင်ငံတော်သမ္မတထံ ဝန်ကြီးချုပ်ရာ ထူးမှ နှုတ်ထွက်လွှာတင်သွင်းသည်။

၁၉၅၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင်ကျင်းပသော ပါလီမန်ပြည်သူ့လွှတ်တော်နှင့် လူမျိုးစုလွှတ်တော် လွှတ်တော် ၂ ရပ် တွဲဖက်ညီ လာခံတွင် သိမ်ဖြူတောင်ပိုင်းအမတ် ဦးကျော်ငြိမ်းက အခြေခံဥပဒေပုဒ်မ (၁၁၆) ကိုပြင်ဆင်ရန် အင်္ဂလိပ်မြန်မာ နှစ်ဘာသာဖြင့်ရေးဆွဲထား သည့် ၁၉၅၉ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပြင်ဆင်ချက်ဥပဒေကြမ်းကို တင်သွင်းခဲ့သည်။ ဥပဒေကြမ်းကို သဘောတူသူ ၃၀၄မဲ၊ ကန့်ကွက်မဲ ၂၉ မဲဖြင့် အဆိုကိုအတည်ပြုခဲ့သည်။

ဤသို့ဖြင့် ၁၉၅၉ ခုနှစ် ဖေဖော်ဝါရီလ၂၇ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေဝင်းသည် ပါလီမန်တွင် ဝန်ကြီးချုပ်အဖြစ် ပြန်လည်ရွေးကောက်ခံရပြီး ညနေ ၅ နာရီတွင် ဗိုလ်ချုပ်ကြီးနေဝင်းနှင့် အစိုးရသစ်ဝန်ကြီးများ ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ ဤသို့ဖြင့် ဗိုလ်ချုပ်ကြီးနေဝင်းသည် ၁၉၆၀ ပြည့်နှစ် ဧပြီလအထိ ဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးနှင့် အမျိုးသားစီမံကိန်းဝန်ကြီး တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် တရုတ်-မြန်မာနှစ်နိုင်ငံနယ်နိမိတ်ပြဿနာဆိုင်ရာ သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့သည်။ ထို့နောက် ၁၉၆၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ပါလီမန်ပြည်သူ့လွှတ်တော် အထွေထွေရွေးကောက်ပွဲကိုကျင်းပပြီးနောက် အနိုင်ရရှိသော သန့်ရှင်းဖဆပလအဖွဲ့(နောင်ပထစပါတီ) အား အာဏာလွှဲပြောင်းပေးခဲ့သည်။

အာဏာလွှဲအပ်ပြီး ၁ နှစ် ၁၀ လ ၂ ရက်အကြာ ၁၉၆၂ ခု နှစ်မတ်လ ၂ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်သော တော်လှန်ရေး ကောင်စီက ပထစအစိုးရကိုဖြုတ်ချဖယ်ရှားကာ နိုင်ငံတော်အာဏာကို ဒုတိယအကြိမ်သိမ်းယူခဲ့သည်။ တော်လှန်ရေးကောင်စီသည် နိုင်ငံ တော်အာဏာသိမ်းယူပြီးနောက် ပါလီမန်ဒီမိုကရေစီစနစ်ကိုဖျက်သိမ်း၍ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီကို စတင်တည်ထောင်၍ ပါတီဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့သည်။ ၁၉၇၂ ခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရာထူးမှ အငြိမ်းစားယူ၍ ၁၉၇၄ ခုနှစ်တွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ရေးဆွဲအတည်ပြုပြဋ္ဌာန်း၍ တစ်ပါတီအာဏာရှင်စနစ်ဖြင့် ဆို ရှယ်လစ်စီးပွားရေးစနစ်ကိုကျင့်သုံးခဲ့ရာ တော်လှန်ရေးကောင်စီဥက္ကဋ္ဌအဖြစ် ၁၉၆၂ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိလည်းကောင်း၊ မဆလပါတီ ဥက္ကဋ္ဌအဖြစ် ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိလည်းကောင်း၊ နိုင်ငံတော်ကောင်စီဥက္ကဋ္ဌအဖြစ် ၁၉၇၄ ခုနှစ်မှ ၁၉၈၁ ခုနှစ်အထိလည်းကောင်း၊ နိုင်ငံတော်သမ္မတအဖြစ် ၁၉၇၄ ခုနှစ်မှ ၁၉၈၁ ခုနှစ်အထိလည်းကောင်း ဆောင်ရွက်ခဲ့သည်။

ဦးနေဝင်းဦးဆောင်သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေါ် တစ်ပါတီအာဏာရှင်ခေတ်အတွင်း လေးနှစ်စီမံကိန်းများဖြင့် အကောင်အ ထည်ဖော်ခဲ့သော်လည်း အောင်မြင်မှုမရရှိခြင်း၊ ပြည်ပဈေးကွက်သို့ ပို့ကုန်များတိုးချဲ့မတင်ပို့နိုင်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုခွဲဝေပုံမှားယွင်းခြင်း၊ အုပ်ချုပ်ရေးညံ့ဖျင်းခြင်း၊ နိုင်ငံခြားငွေသုံးစွဲမှုလိုငွေကြီးမားလာခြင်း၊ ပြည်ပကြွေးမြီများ အဆမတန် မြင့်မားလာခြင်း၊ ပြည်သူလူထုစားဝတ်နေရေးတဖြည်းဖြည်းကျပ်တည်းလာခြင်း၊ အကျင့်ပျက်ခြစားမှုများမသမာမှုများ၊ ကိုယ်ကျိုးရှာမှုများတိုးပွားလာကာ ပြည်သူလူထုသည် နိုင်ငံ ရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍပေါင်းစုံ ဒုက္ခဆင်းရဲမှုမျိုးစုံ ကြုံတွေ့လာခဲ့ရသည်။ ဤသို့ဖြင့် သယံဇာတပေါကြွယ်ဝလှသော မြန်မာနိုင်ငံသည် မဆလ၂၆ နှစ်တာကာလအတွင်း ဒုက္ခဆင်းရဲတွင်း နက်သည်ထက်နက်ကာ နောက်ဆုံးတွင် မြန်မာနိုင်ငံသည် ၁၉၈၇ ခုနှစ် ဒီဇင်ဘာ လ၁၁ရက်နေ့တွင်ကျင်းပခဲ့သော အထွေထွေညီလာခံတွင် (၉၆) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက် (၄၂/၄၈) အရ ကမ္ဘာ့ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံအဖြစ် စာရင်းဝင်သွားခဲ့ရပေသည်။

ဤသို့ လူထုတရပ်လုံးဆင်းရဲတွင်းနက်နေစဉ်အတွင်း ‘ဗူးလေးရာဖရုံဆင့်ပမာ’ ၁၉၈၅ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် တနိုင်ငံလုံး၌ လှည့် ပတ်သုံးစွဲလျက်ရှိသော ကျပ် ၁၀၀ တန်၊ ၂၅ ကျပ်တန်၊ ၂၀ တန်တို့ကိုလည်းကောင်း၊ ပြည်ထောင်စုဘဏ်မှ ၁၉၈၅ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့တွင်ထုတ်ဝေထားသော ၇၅ ကျပ်တန်၊ ၂၅ ကျပ်တန်၊ ၃၅ ကျပ်တန်၊ ငွေစက္ကူများကို ၁၉၈၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် တရားဝင်ငွေအဖြစ်မှ ရပ်စဲလိုက်မှုကြောင့်လည်းကောင်း လူထုတရပ်လုံး ချွေးနဲစာဖြင့် စုဆောင်းသိမ်းဆည်းထားသောငွေစက္ကူများသည် စက္ကူစုတ်ဖြစ်ကာ မကျေနပ်မှုများ ပေါက်ကွဲအုံကြွလာတော့သည်။

ထို့နောက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူနေစဉ်အတွင်း ၁၉၈၈ ခုနှစ် မတ်လ ၁၂ ၇က်နေ့တွင် ရန်ကုန်မြို့ ကြို့ကုန်း ဘူတာအနီး စန္ဒာဝင်းလ္ဘက်ရည်ဆိုင်၌ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားနှင့် ရပ်ကွက်ကောင်စီဥက္ကဋ္ဌ၏သားတို့ ခိုက်ရန်ဖြစ်ပွားရာမှစ၍ အထွေထွေမကျေနပ်မှုစတင်ပေါက်ကွဲကာ လူထုအုံကြွသော ရှစ်ဆယ့်ရှစ်ဒီမိုကရေစီအရေးတော်ပုံကြီး ပေါ်ပေါက်လာခဲ့သည်။ ရှစ်ဆယ့်ရှစ်ဒီမိုကရေစီအရေးတော်ပုံဖြစ်ပွားနေစဉ်၊ ၁၉၈၈ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် အရေးပေါ်ပါတီညီလာခံကျင်းပ၍ တစ်ပါတီစနစ်မှ ပါတီစုံ စနစ်အဖြစ်ပြောင်းလဲရန်ကြေညာပြီး ပါတီဥက္ကဋ္ဌရာထူးမှ နှုတ်ထွက်ခဲ့သည်။ နှုတ်ထွက်သည့်နေ့၌ ပါတီညီလာခံတွင် ဦးနေဝင်းက “နောက် ကို လူစုလူဝေးနဲ့ဆူဆူပူပူလုပ်လို့ရှိရင်တော့ စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင်ပစ်တယ်။ မိုးပေါ်ထောင်ပြီး ခြောက်တာမပါဘူး။ အဲဒီတော့ နောင်ကို ဆူဆူပူပူလုပ်မယ်ဆိုရင်တော့ တပ်ကိုသုံးလို့ရှိရင်တော့ အဲဒါဆူတဲ့လူတွေ မသက်သာဘူးသာမှတ်ပေတော့လို့ ကျွန်တော် ဒီကနေ့ ပြောပါတယ်”ဟူ၍ပြောကြားကာ တပ်နှင့်ပြည်သူကို သွေးခွဲခဲ့လေသည်။

ဦးနေဝင်းသည် ၎င်း၏ဘဝတလျှောက် တရားဝင်အိမ်ထောင်ပေါင်း (၇) ကြိမ်ခန့်ကျခဲ့ပြီး ပထမဆုံးအိမ်ထောင်အဖြစ် ဒေါ်သိန်းညွန့်နှင့်လက် ထပ်၍ သားကျော်သိန်း (တာတီး) ထွန်းကားခဲ့သည်။ ထို့နောက် ဒေါ်တင်တင်နှင့် ၁၉၃၅ ခုနှစ်တွင် ဒုတိယအိမ်ထောင်ပြုကာ သားငွေစိုးနှင့် အေးအောင်တို့ ထွန်းကားသည်။ ယင်းနောက် ခွဲစိတ်ကုသမားတော်ကြီးဒေါက်တာဘသန်း၏သမီး ကစ်ကီဘသန်းခေါ် ဒေါ်ခင်မေသန်းနှင့် ၁၉၅၀ ခုနှစ်တွင်ထိမ်းမြားလက်ထပ်၍ သမီးစန္ဒာဝင်း၊ ကြေးမုံဝင်း၊ ဖြိုးနေဝင်းတို့ထွန်းကားခဲ့သည်။ ဒေါ်ခင်မေသန်း၏ ပထမအိမ်ထောင်မှာ ဒေါက်တာတောင်ကြီး (ဝန်ကြီးချုပ်ဦးနုသမီး ဒေါ်စန်းစန်းနု၏ခင်ပွန်း ဗိုလ်မှူးသက်တင်၏အစ်ကို) ဖြစ်ပြီး ၎င်းနှင့် သမီးလီလီဝင်းနှင့် အမြွှာ သမီးများဖြစ်ကြသော သီတာဝင်း၊ သော်တာဝင်းတို့ ထွန်းကားခဲ့သည်။ ဒေါက်တာတောင်ကြီးနှင့် တရားဝင်ပြတ်စဲခြင်းမရှိဘဲ ဒေါ်ခင်မေ သန်းအားလက်ထပ်ခဲ့မှုကြောင့် တပ်မတော်ဥပဒေဖြင့် ဝန်ကြီးချုပ်ဦးနုက ဦးနေဝင်းအား ကာကွယ်ရေးဦးစီးချုပ်ရာထူးမှဖယ်ရှားရန် စီစဉ်နေ စဉ်အတွင်း ဝိဓူရသခင်ချစ်မောင်အပါအဝင် အခြားနိုင်ငံရေးခေါင်းဆောင်များ ဝိုင်းဝန်းတာမြစ်ခဲ့သဖြင့် မဖြုတ်ပစ်ခဲ့ရပေ။ ၁၉၇၂ ခုနှစ်တွင် ဒေါ်ခင်မေသန်းကွယ်လွန်ပြီးနောက် ဒေါ်နီနီမြင့်နှင့် လက်ထပ်ခဲ့သည်။ ဒေါ်နီနီမြင့်နှင့် သားသမီးမထွန်းကားခဲ့ပေ။ ယင်းနောက် ဒေါ်နီနီမြင့်နှင့် ကွာရှင်းပြီးနောက် June Rose Bellamy ခေါ် အိမ်ရှေ့စံ ကနောင်မင်းသားကြီး၏မြစ် ရတနာနတ်မယ်နှင့် ၁၉၇၅ ခုနှစ် မတ်လ ၂၅ ရက်နေ့ တွင် ထိမ်းမြားလက်ထပ်ခဲ့သည်။ ရတနာနတ်မယ်၏မိခင်မှာ လင်းပင်မင်းသားကြီး၏ သမီးတော် ထိပ်တင်မလတ်ဖြစ်ပြီး ဖခင်မှာ သြစတြေးလျနိုင်ငံသား အင်္ဂလိပ်လူမျိုး ဘွတ်ကီမြင်းပွဲဒိုင် Mr. Herbert Bellamy ဖြစ်သည်။ ရတနာနတ်မယ်နှင့် ဦးနေဝင်းသည် သားသမီး မထွန်းကားခဲ့သော်လည်း ရတနာနတ်မယ်၏ပထမအိမ်ထောင်မှာ အီတာလျံလူမျိုးဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ မြန်မာပြည်တွင်တာဝန်ကျ နေသောဆရာဝန်ဖြစ်ပြီး ယင်းနှင့်သားနှစ်ယောက်ရခဲ့သည်။ ရတနာနတ်မယ်နှင့် တစ်နှစ်အကြာတွင် အိမ်ထောင်ရေးပြိုကွဲကာ ဒေါ်နီနီမြင့် (ရန်ကုန်တက္ကသိုလ်သမိုင်းသုတေသန ညွှန်ကြားရေးမှူးချုပ်ဟောင်း) နှင့် ပြန်လည်ပေါင်းသင်းခဲ့သည်။ ယခုအခါ ရတနာနတ်မယ်သည် အီ တလီနိုင်ငံ၌ ပြန်လည်နေထိုင်လျက်ရှိသည်။ ထို့နောက် ၎င်းအသက် ၇၇ နှစ်တွင် အသက် ၂၅ နှစ်အရွယ် ရခိုင်အမျိုးသမီး ဒေါ်ကြာဆန်အား လက်ထပ်ခဲ့ပြန်သည်။

ဦးနေဝင်းသည် မြန်မာနိုင်ငံတွင် အာဏာရှင်စနစ်ကို ထူထောင်ကာ (၂၆) နှစ်တိုင် လူထုအား နည်းမျိုးစုံဖြင့် နှိပ်ကွပ်ဖိနှိပ် စိုးမိုးအုပ်ချုပ်ကာ သံယံဇာတပေါကြွယ်ဝ၍ လူသားအရင်းအမြစ်ဖွံ့ဖြိုးနေသောနိုင်ငံတော်အား ကမ္ဘာ့အဆင်းရဲဆုံနိုင်ငံ စာရင်းဝင်ဖြစ်အောင် ထူးချွန်ပြောင် မြောက်စွာ ဆောင်ရွက်သွားခဲ့သည်။ သူ၏အာဏာသက်တမ်းတလျှောက် မည်ကဲ့သို့သောစိန်ခေါ်မှုမျိုးနှင့် သူ့အားဆန့်ကျင်သူမှန်သမျှကို လက်ဦးမှုယူကာ အကွက်ကျကျဖြိုခွင်းသွားနိုင်ခဲ့သဖြင့် ကမ္ဘာ့အာဏာရှင်များကပင် အံ့သြခဲ့ရပေသည်။

ဦးနေဝင်းသည် ၈၈ အရေးတော်ပုံကြီးကြောင့် မဆလပါတီမှနှုတ်ထွက်သွားရပြီးနောက် ခေတ္တတိမ်မြှုပ်နေခဲ့သည်။ ယင်းနောက် ၁၉၈၉ ခု နှစ် မတ်လ ၂၇ ရက် (၄၄) နှစ်မြောက်တော်လှန်ရေးနေ့တွင် စစ်ဝတ်စုံအပြည့်ဝတ်၍ တပ်မတော်ညစာစားပွဲတွင် တပည့်လက်သားသွား လေသူ ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ဗိုလ်ချုပ်ကြီးသန်းရွှေနှင့် အခြားကြည်းရေလေ တပ်မတော်ခေါင်းဆောင်အချို့နှင့် စားပွဲဝိုင်းတွင်အတူ ထိုင်ကာ လူထုအားရယ်သွမ်းပြနေပုံကို ပထမဆုံးတွေ့မြင်ခဲ့ရသည်။ တဖန် ၁၉၉၇ ခုနှစ် စက်တင်ဘလတွင် အင်ဒိုနီးရှားသမ္မတဆူဟာတိုထံ ခေတ္တအလည်သွားပြီးနောက် ပျောက်ချင်းမလှ ပျောက်သွားခဲ့ပြန်သည်။ ထို့နောက် ဆေးစစ်မှုခံယူရန်အကြောင်းပြချက်ဖြင့် စင်္ကာပူသို့သွား ရောက်ခဲ့သည်။ သူ၏နောက်ဆုံးပြည်ပခရီးစဉ်အဖြစ် ထိုခရီးစဉ်၏သတင်းဓာတ်ပုံတွင် ဇရာထောင်း၍ ဖွတ်ဖွတ်ကြေနေသည့် သူ၏ရုပ်သွင်၌ အတ္တ၊ မာနတို့ လုံးဝမကျသေးကြောင်း ပေါ်လွင်နေသည်။

သူသည် ပညာဉာဏ်နည်းပြီး လောဘသက္ကယကြီးသူဖြစ်သည်နှင့်အညီ သင်္ခါရတရားနှင့် ဆင်ခြင်တုံတရားကင်းမဲ့စွာဖြင့် ဂမ္ဘီရဆန်ဆန် အယူသီးမှုများနှင့် လုံးထွေးရစ်ပတ်နေပြန်သည်။ သူသည် ဂဏန်းဗေဒင်အရ ‘၆’ဂဏန်းသမားဖြစ်ရာ ‘၉’ ဂဏန်းကို သူ့ဘဝ၏ အရေးပါအရာ ရောက်သော ကျိုးပေးဂဏန်းဟု မှတ်ယူထားထားပုံရသည်။ ဗိုလ်ချုပ်စောမောင်ကို အာဏာသိမ်းခိုင်းစဉ်မှာပင် ‘၉’ဂဏန်းသက်ရောက်စေရန် ‘နဝတ’ ဟု အမည်ပေးခဲ့သည်။ (န=၇ + ဝ=၄ + တ=၇) ထို့အပြင် ဒီမိုကရေစီအရေးတော်ပုံကြီးအား စက်တင်ဘာလ ၁၈ ရက်နေ့တွင် သူ ကိုယ်တိုင်တွက်ချက်၍ အာဏာသိမ်းခိုင်းသည်။ သူ့အသက် ၇၇ နှစ်တွင် အသက် ၉၉ နှစ်အထိ ဆွဲဆန့်လိုသဖြင့် ၁၉၈၇ ခုနှစ် စက် တင်ဘာလ ၂၂ ရက်နေ့တွင် မည်သည့်နိုင်ငံမှမထုတ်ဝေဘူးသော ၄၅ ကျပ်တန်နှင့် ၉၀ ကျပ်တန် ငွေစက္ကူကို ထုတ်ဝေခိုင်းခဲ့သည်။ တဖန် သူ့အသက် ၉၀ တွင် အသက် ၉၉ နှစ်အထိဆွဲဆန့်လိုသဖြင့် အားလုံးပေါင်းလျှင် ‘၉’ ဂဏန်းကျရောက်သော ၂၀၀၁ ခုနှစ် မတ်လ ၂၁ ရက် နေ့တွင် ဆီဒိုးနားဟိုတယ်ကြီး၌ သိက္ခာရင့်ဝါကြီးဆရာတော်ကြီး (၉၉) ပါးကိုပင့်ဆောင်ပြီး ဆွေမျိုးများနှင့် မဆလခေတ်တပည့် တပန်းများ အပါအဝင် ဧည့်သည်တော် (၅၀၄) ယောက်ကိုဖိတ်ခေါ်၍ ဆွမ်းကပ်ခဲ့ပြန်သည်။ လောကီအစီအမံများဖြင့် သူ့အသက်ကို ၉၉ နှစ်ဆွဲဆန့်ခဲ့ သော်လည်း သူ့ဆန္ဒမပြည့်ဝဘဲ ၉၂ နှစ်သာ အသက်ရှည်ခဲ့ရသည်။ မည်သို့ဆိုစေ ဓမ္မပဒလာ “ပညာလည်းမရှိ၊ တည်ကြည်ခြင်းလည်း မရှိသောသူ၏ အနှစ်တစ်ရာပတ်လုံး အသက်ရှည်ခြင်းထက် ပညာရှိ၍ ကမ္မဋ္ဌာန်းရှုသောသူ၏ ၁ ရက်တာမျှ အသက်ရှည်ခြင်းသည် သာ၍ မြတ်၏” ဟူသောတရားစကားကို သူသည် သိပုံမပေါ်ချေ။

ယင်းနောက် ၂၀၀၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင်ကျင်းပပြုလုပ်သော သူ့သမီးခင်စန္ဒာဝင်း၏လက်ထပ်မင်္ဂလာ (၂၆) နှစ်မြောက် အ ခမ်းအနားတွင် သူ့ကို မမြင်ချင်အဆုံး တဖန်တွေ့ရပြန်သည်။ သူတို့၏ အလျှံပယ်ကျွေးမွေးဧည့်ခံမှုနှင့် ပျော်ရွှင်မြူးတူးကခုန်မှုများက မြန် မာပြည်တဝှမ်းတွင် ငတ်မွတ်ခေါင်းပါးကာ ဆင်းရဲတွင်းနက်နေသော ပြည်သူလူထု၏ ခံစားမှုဝေဒနာအပေါင်းကို ပြက်ရယ်မှုပြုသကဲ့သို့ ဖြစ် နေခဲ့ပြန်သည်။

ထို့နောက် မြန်မာစစ်အာဏာရှင်တို့၏ ခေါင်းဆောင်ကြီးဦးနေဝင်းသည် သူ့ထက်လက်စောင်းထက်ခဲ့သော စစ်အာဏာရှင်လက်သစ် ဗိုလ် ချုပ်မှူးကြီးသန်းရွှေလက်ထက်၌ ၂၀၀၁ ခုနှစ် မတ်လ ၇ ရက်နေ့တွင် မအောင်မြင်သော အာဏာသိမ်းရန်ကြံစည်မှုဖြင့် ဦးနေဝင်းအပါအဝင် သူ၏အချစ်ဆုံးသမီးခင်စန္ဒာဝင်း၊ ၎င်း၏သားမက်အေးဇော်ဝင်းနှင့် သူ၏မြေးချစ်များဖြစ်သည့် အေးနေဝင်း၊ ကျော်နေဝင်း၊ ဇွဲနေဝင်းတို့သည် ဖမ်းဆီးအရေးယူခံရသည်။ ယင်းအမှုတွင် ခင်စန္ဒာဝင်းသည် အတွင်းကျကျပါဝင်ပတ်သက်ခဲ့သည်ဆိုသော်လည်း အစွပ်အစွဲခံ သူ့ယောက်ျား နှင့် သားများထောင်ကျခဲ့ရသော်လည်း ခင်စန္ဒာဝင်းနှင့်သူ့ဖခင် ဦးနေဝင်းတို့မှာ အိမ်တွင်းအကျယ်ချုပ်ချခံရသည်။ တန်ခိုးအာဏာ တချိန်က မည်မျှပင်ကြီးထွားစေခဲ့ပါမူ တနေ့တွင် တန်ပြန်ခံရပြီး၊ မကောင်းမှုစိတ်ဖြင့် ပြုလုပ်ခဲ့မှုအစုစုသည် လှည်းဘီးသည် ဝန်ကိုဆောင်သော နွား၏ ခြေရာသို့ အစဉ်လိုက်သကဲ့သို့ မကောင်းမှုသည် အစဉ်လိုက်သည်ကို သူသိရှိသွားမည်ထင်ပါသည်။

ဤသို့ဖြင့် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဘဝဖြင့် ဦးနေဝင်းသည် ၂၀၀၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ သူ့အသက်၉၂ နှစ်တွင် နောက်ဆုံးဇီဝိန်ချုပ် သွားခဲ့ရလေသည်။ သွားလေသူ ဆရာ့ဆရာကြီးဦးနေဝင်း၏အသုဘကို နိုင်ငံတော်ဈာပနလုပ်ဖို့ဝေးစွ နဝတစစ်ခေါင်းဆောင်များ မည်သူမျှ လာရောက်မေးမြန်မှုပင် မပြုခဲ့ကြချေ။ သူ၏နာရေးသတင်းကို အစိုးရက တရားဝင်ထုတ်ပြန်ကြေညာမှုမပြုခဲ့သည့်အပြင် သူ၏နာရေးသ တင်းကို အစိုးရထုတ်သတင်းစာများ၌ သူကွယ်လွန်ပြီး (၃) ရက်အကြာ ၂၀၀၂ ခုနှစ် ဒီဇင်ဘာလ၇ရက်နေ့ကျမှ စာပေစိစစ်ရေး၏ ဖြတ် တောက်မှုဖြင့် မိသားစုက ထုတ်ပြန်ခွင့်ရခဲ့သည်။

နာရေးသတင်းမှာ-

ဦးနေဝင်း (အသက်၉၃နှစ်) [၁၉၁၁ ခု၊ မေလ၂၄ ရက်နေ့ဖွား] အမှတ် (၁၉) မေခလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းနေ ဒေါ်ခင်မေသန်း (ကွယ်လွန်) ၏ခင်ပွန်း၊ ဦးသိန်းညွှန့်၊ ဦးငွေစိုး၊ ဦးအေးအောင်၊ လီလီဝင်း၊ သီတာဝင်း၊ ဒေါက်တာသော်တာဝင်း၊ ခင်စန္ဒာဝင်း၊ ကြေးမုံဝင်း၊ ဖြိုးနေဝင်းတို့၏ဖခင်။ အေးနေဝင်း၊ ကျော်နေဝင်း၊ ဇွဲနေဝင်းတို့၏အဖိုးသည် ၂၀၀၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်တွင် ကွယ်လွန်ခဲ့ပြီး ကွယ်လွန်သူ၏ဆန္ဒအရ သူ၏ရုပ်အလောင်းကို ရေဝေးသုဿန်၌ နေ့လည် ၁ နာရီ ၃၀ မိနစ်တွင် မီးသင်္ဂြိဟ်ခဲ့ပြီးဖြစ်ကြောင်း။ လိုက်ပါပို့ဆောင်သူများ၊ သူ့မကျန်းမမာစဉ်နှင့် ကျေးဇူးရှင်ဖခင်၏ အသုဘအစီအစဉ်တွင် ကူညီမှုပေးခဲ့ကြသူများကို ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။
ကျန်ရစ်သူမိသားစု။

မည်သို့ဆိုစေ… ၉ ဂဏန်းကို မြတ်နိုးစုံမက်လှသော သူ၏နောက်ဆုံးခရီး၌ ကား ‘၉’ စီး၊ မိသားစုဝင် ‘၉’ ဦးဖြင့် မလှမပပို့ဆောင်ခဲ့သည်ကို တွေ့ရ၍ တိုက်ဆိုင်မှုပင်လော။ သို့တည်းမဟုတ် အာဏာရှင်တို့၏ နောက်ဆုံးဇာတ်သိမ်းပိုင်းသည် ဤသို့ပင်ဖြစ်ခဲ့ရသည်ပါတကားဟု သံ ဝေဂရရှိနေမိပါတော့သည်။

ရွှေလင်ပန်းပလပ်မြေပေါ်ရှိ ကျူးကျော်နေအိမ်များက နေထိုင်မူအတွက် နိုင်ငံတော်သမ္မထံ အသနားခံစာတင်


Aung Khaing Myint 2:00pm May 17
ရွှေလင်ပန်းပလပ်မြေပေါ်ရှိ ကျူးကျော်နေအိမ်များက နေထိုင်မူအတွက် နိုင်ငံတော်သမ္မထံ အသနားခံစာတင်

[By Shwe Myitmakha Media Group ]

ယမင်း (မြစ်မခ)

မေ(၁၇)ရက်၊၂၀၁၂ခုနှစ်။

လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းကျေးရွာက ပလပ်မြေပေါ်ရှိ ကျူးကျော်နေအိမ်များအား ဖျက်သိမ်းခိုင်းမှုနှင့် ပတ်သတ်၍ နိုင်ငံတော်သမ္မထံသို့ နေထိုင်မူအတွက် စီစဉ်ပေးပါရန် အသနားခံစာဖြင့် တင်ပြတောင်းဆို ထားကြောင်း သိရသည်။
နာဂစ်မိ၍ ဧရာဝတီတိုင်းဒေသကြီးဘက်က ပြောင်းရွှေ့လာသူများက ကျူးကျော်နေအိမ်ဆောက်လုပ် နေထိုင်သော အိမ်ထောင် (၇၀)ကျော်က နေထိုင်စရာနေရာပြောင်းရွှေ့ခိုင်းသည့်အပေါ်တွင် ယခုကဲ့သို့ မေလ(၁၄)ရက်နေ့က အသနားခံစာတင်သွင်းခြင်း ဖြစ်သည်။

“ကျွန်တော်တို့က မော်ကျွန်းကပြောင်းလာတာပါ။ နေစရာထိုင်စာရာအခက်ခဲဖြစ်လို့ ဒီမှာ တစ်လ (၃၀၀၀)လောက်ပေးပြီးတော့ အိမ်ဆောက်ပြီး နေရတာပါ။ ကျူးကျော်နေတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် မတက်နိုင်တဲ့အတွက် ကျွန်တော်တို့ကို ဒီလို မြေရိုင်းကွက်တွေမှာ သင့်သင့်တဲ့ တန်ဖိုးနဲ့ နေရာစီစဉ်ပေးစေဖို့ အသနားခံတာပါ” ဟု ရလပ-၂၃ ပလပ်မြေတွင်နေထိုင်သူ ဦးကြည်အောင်က ပြောသည်။
အဆိုပါ ကျေးရွာတွင် နေထိုင်သော အိမ်ထောင်စု နှစ်ရာကျော်အား ၂၀၁၂ခုနှစ် မေလ ၁၂ ရက်နေ့ နောက်ဆုံး ပြောင်းရွေ့ပေးရန် လှိုင်သာယာမြို့နယ်အုပ်ချုပ်ရေးမှူးက အမိန့်ပေးခဲ့ကြောင်း၊ ပျက်ကွက်ခဲ့ပါက မြို့ရွာနှင့် ကျေးရွာ အက်ဥပဒေ ပုဒ်မ ၂၁(၁) အရ ဖျက်သိမ်းရှင်းလင်းမည်ဖြစ်ကြောင်း အကြောင်းကြားစာများ ပို့ခဲ့ ကြောင်း သိရသည်။

“ကျွန်တော်တို့ အလုပ်တောင် မဆင်းရဘူး။ ဘယ်နေ့ လာဖျက်မယ်ဆိုတာ ရင်တထိတ်ထိတ်နဲ့ ကျွန်တော်တို့ နေရာတွေ နာဂစ်ပါပြီးကတည်းက ငှားနေ ၀ယ်နေဖို့က ပိုက်ဆံမရှိလို့ နေထိုင်စရာ နေရာလဲမရှိလို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးကို မြေခပေးပြီးနေနေတာပါ” ဟု ဖျာပုံမှ နာဂစ်မိ၍ ပြောင်းရွှေ့နေထိုင်လာသော ဦးကြည်မြင့်က ပြောသည်။

ရလပ-၂၃ ပလပ်မြေတွင် အိမ်ခြေ (၂၇၀) ၀န်းကျင်ရှိပြီး လူဦးရေ (၁၀၀၀)ကျော်နေထိုင်ကြောင်း၊ အိမ်ထောင် စုဝင် အများစုမှာ စက်ရုံအလုပ်သမားများ၊ ဆိုက်က္ကားသမား၊ ပန်းရံသမား၊ ပျံကျဈေးရောင်းသူများဖြစ်ပြီး၊ နေထိုင်စဉ်ကာလ၌ ရပ်ကွက်အုပ်ချုပ်ရေးရုံးသို့ တစ်အိမ်ထောင်လျှင် ငွေကျပ် သုံးသောင်း ပေးသွင်း ရပြီး နောက်ပိုင်း တစ်လလျှင် မြေငှားရမ်းခ (၃၀၀၀)ကျပ်ပေးရကြောင်း ဒေသခံများက ဆိုသည်။
ပလပ်မြေပေါ်ရှိ အိမ်ထောင်စုများ၌ ကျောင်နေအရွယ် ကလေး (၄၀၀)ကျော်ရှိပြီး အများစုမှ ပညာရေးအတွက် နီးစပ်ရာ အခမဲ့ ဘုန်းတော်ကြီးသင်ကျောင်းများကို အားကိုးနေရကြောင်း သိရသည်။
“ကျွန်မတို့က ပိုက်ဆံမတက်နိုင်လို့ အခုလိုငှားနေတာ။ ကလေးတွေအတွက်လည်း ဒီနားက အခမဲ့ ဘုန်းတော် ကြီးသင် ကျောင်းမှာ ထားရတယ်။ ကျွန်မတို့မိသားစုအနေနဲ့လည်း စက်ရုံမှာလုပ်ပြီး ညနေပိုင်းဆို ပျံကျ ရောင်းရတယ်။ အမိန့်နဲ့ဆိုတော့လည်း ပြောင်းရမှာ ပဲလေ”ဟု ကျိုက်လတ်မှ ပြောင်းရွေ့နေထိုင်သူ မအေးက ပြောသည်။

အလွန်မှန်ကန်တဲ့ အမြင်ပဲ။


အလွန်မှန်ကန်တဲ့ အမြင်ပဲ။
မ ဆ လ ၊ န ၀ တ ၊ န အ ဖ ဟော ခု ကြံ့ဖွတ် အဲလေ ကြံ့ဖွံ့ ဆိုတဲ့ အာဏာပိုင် အာဏာရှင် အစိုးရတွေ လက်ထက်အဆက်ဆက်မှာ ပြည်သူကို ပြန်လည်ဖြည့်စည်းပေးတယ် ဆိုတာ ထက် ပြည်သူ့ဆီက ယူတာသာများတာပဲ။ န ၀ တ တက်စ က အောင်ဆန်းမြို့သစ်တို့ အင်းစီန် တို့ မြောက်ဥက္ကလာတို့ လိုနေရာတွေမှာ ရပ်ကွက်ထိ ဆင်းလာပြီး တိုင်းမှုးတွေ အစည်းဝေးလုပ်ရင်;aပာခဲ့တယ်။ ခင်ဗျားတို့ စိုက်ထားတဲ့ ပန်းအိုးထဲကမြေတောင် အစိုးရ က ပိုင်တယ်ဆိုပဲ ။
တိုင်းပြည်မှာ ခုချိန်ထိကို အာဏာရှင်တွေရယ် သူ့နဲ့ စားခွက်တူ ပုလင်းတူ ဗူးဆို့ တွေဖြစ်တဲ့ ၀ိသမ လောဘ စီးပွါးရေးသမားတွေထားစရာမရှီအောင်ချမ်းသာနေကြပေမယ့် သာမန်ပြည်သူတွေရဲ့
နေ့စဉ် စားဝတ်နေရေး ရုန်းကန်မှုတွေကတော့ သူတို့တတွေရဲ့ ငါ နဲ့ ငါ့အဆွေအမျိုး စီးပွါးဖက်ချမ်းသာရင်ဘာမှ ဂရုမစိုက်ဘူးဆိုတဲ့ မတရားစီးပွါးရှာ ညစ်ပတ် ယူတ်မာမှုတွေကနေ အလွတ်မရုန်းနိုင်ကြသေးပါဘူး။
စားသလောက်မ၀ တဲ့ ၀ိသမလောဘသမားတွေရယ် အာဏာကိုလက်မလွှတ်နိုင်လောက်အောင် စွဲလမ်း ကြောက်လန့်လွန်းတဲ့အာဏာရှင်တွေကြောင့်ပဲ ဖွတ်သထက် ညစ်နေတုန်းဖြစ်ရတာတော့ သာမန်လက်လုပ်လက်စားပြည်သူတွေနဲ့ လခစား ၀န်ထမ်းတွေပါ။(ဒီနေရာမှာ ကုမ်ပဏီဝန်ထမ်းရော အစိုးရဌါနတွေမှာ လစာနဲတဲ့ အောက်တန်းစာရေး စာရေးကြီး စတဲ့ အရာရှိမဟုတ်တဲ့ ခပ်တုံးတူံး ၀န်ထမ်းတချို့လည်းပါသပေါ့လ။ တချို့တော့လည်း အရာရှိမဟုတ်ပေမယ့် လုပ်စားတတ်တော့ တော်တော်သုံးနိုင်သရှင့်။ ဒါက စကားကြုံလို့ပြောခြင်းပါ။)
ဒီအစိုးရဟာ လူတွေကို ငွေကြေးချို့တဲ့တာထက် ကို စိတ်ဓါတ်တွေပျက်စီးချွတ်ယွင်းအောင်လုပ်တယ်။ အကြောက်တရားနဲ့ အမြဲတန်းကြောက်နေအောင်လုပ်တယ်။ လုပ်ခဲ့တယ်။ ခုထိလည်း ပါးစပ်က ဘုရား ဘုရား နဲ့ လက်က လုပ်ချင်တာလုပ်နေတုန်းပဲလေ။
ကျွန်မတို့ က အပြောကောင်းရုံနဲ့တော့ မယုံကြည်ဖို့ လိုတယ်လေ။
ခုထိ ပြည်သူတွေကို လိမ်လည် လှည့်ဖြားနေတုန်း ၊ ပြည်သူတွေအပေါ် ပြောချင်ရာပြော လုပ်ချင်တာလုပ်နေတုန်းဆိုတာ လူအများသိနေကြပါတယ်။ အထင်ရှားဆုံးကတော့ ငြိမ်းချမ်းရေးလုပ်တယ်ဆိုတာပါပဲ

မနေ့က အထိ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေဆဲပါ။
လူတွေ ကိုယ့်အိမ်ကိုယ့်ယာ တွေ ပစ်ပြီး စစ်ရှောင်စခန်းတွေ ဖွှုင့် တဲ တွေ ထိုးပြီးနေကြရတယ်။ လက်နက်နဲ့ပဲ သေမလား ရောဂါကြောင့်ပဲသေမလား အစာငတ်လို့ပဲသေမလားဆိုတဲ့ သောကတွေနဲ့ စိုးရိမ်မှုတွေနဲ့ အသက်ရှင်ဖို့ အကြောက်တရားကို ရင်ဝယ်ပိုက်ပြီး နေကြရတဲ့ လူတွေဟာ ကျွန်မတို့နဲ့ မြေထဲ နေ တရေထဲသောက်လို့ သူတို့အမြဲပဲ ညစဉ်ညတိုင်း ရေဒီယို ရုပ်မြင်သံကြားတွေမှာ ကချင်တိုင်းရင်းသားအဆိုတော်တွေကို သီချင်းဆိုခိုင်းပြီးဝါဒဖြန့် ခံ နေရတဲ့ တိုင်းရင်းသားတွေပါ။ ဒီလို တွေ ဆိုပြ ၀ါဒဖြန့်ပြီး တကယ့်အဖြစ်မှန်မတော့ စစ်ရှောင်နေရတဲ့ အချိန်တွေမှာ မိသားစုအတူနေလို့မရဘူးတဲ့ အမျိုးသားသပ်သပ် ကလေးတွေနဲ့အမျိုးသမီးတွေက သက်သက် နေကြရ။ အစားအသောက်အလုံအလောက်မရှိ ဆေးဝါး ပြုစုရေး မလောက်မငှ နဲ့ ပညာသင်ကြားရေး ဘယ့်နှယ်တွေးရပါ့ ဆိုတဲ့ အခြေအနေတွေကို မြင်နေရဲ့နဲ့ သမတ ရဲ့ အပစ်ရပ်အမိန့် အာဏာမတည်လို့ ဒုက္ခတွေများနေကြရတာလည်း အမြင်ပဲမို့လား။
အခုလက်ရှိအစိုးရဟာ တကယ်ပဲ ပြောင်းလဲချင်ပါတယ်ဆိုရင် ပြောင်းလဲပါ့မယ်ဆိုရင်
သူတို့ အရင့်အရင်ကလို့ငါ့စကားနွားရ လုပ်တာတွေ ပြည်သူကို မထေမဲ့မြင်လုပ်တာတွေ လိမ်တာတွေ မတရားလုပ်တာတွေ အကုန်ပြုပြင်ရပါလိမ့်မယ်။ဒါပေမယ့် ခုထိ ဒီအခြေအနေထိအောင် မမြင်ရသေးပါဘူး။ ဒါဟာ တကယ့်စေတနာနဲ့ ပြောင်းလဲအောင်လုပ်တဲ့လုပ်ရပ်မရှီသေးလို့
ပဲဖြစ်ပါလိမ့်မယ်။ တကယ်ပဲ စံနစ်တွေပြောင်းလဲစေချင်သလား တကယ့် စံနစ်အတိုင်းအလုပ်လုပ်ပါ။ ခုန ပြောသလို တကယ်ငြိမ်းချမ်းစေချင်သလား ။ခု ချက်ခြင်း ငြိမ်းချမ်းချင်သလား ခုချက်ခြင်း အပစ်ရပ်ပါ တိုက်ပွဲတွေကိုရပ်ပစ်ပါ။ ပြီးမှာ လိုလားချက်တွေ လိုအပ်ချက်တွေ ကို ဆွေးနွေးကြပါ။ ဒါဟာ ဘာမှ ခဲယဉ်းတဲ့ကိစ္စမဟုတ်ပါဘူး။ ဒါပမေယ့် ခက်နေတာက သူတို့ အစိုးရကိုယ်တိုင်က ဒါတွေ အပြောနဲ့ပဲ ပြောချင်နေတာ။ တကယ့်လက်တွေ့ဘာမှ မလုပ်တော့ ဘာမှ ဖြစ်မလာသေးဘူး ။ဘာမှ ဖြစ်မလာနိုင်ဘူး။

သမတကြီးဟာ သဘောထားပျော့ပြောင်းပါတယ် ။ပြုပြင်ပြောင်းလဲေ၇းသမးပါဆို
ရင် က်ရှိ အာဏာနဲ့လုပ်ပိုင်ခွှုင်ကို အသုံးမချနိုင်လောက်အောင် ရုပ်သေးရုပ်ဖြစ်နေသလားလို့ထင်စရာပါပဲ။

ကြည်ကြည်လွင်
ရန်ကုန်မြို့။

ချိုးကူသံလေးကြားရဖို့



 
Written by လူထုစိန်ဝင်း   
Sunday, 08 January 2012 09:40
 
နိုင်ငံခြားရောက်နေတာ နှစ်ပေါင်းနှစ်ဆယ်ကျော်ရှိနေပြီဖြစ်တဲ့ ကျောင်းသားဟောင်းတစ်ယောက်က ဖုန်းဆက်ပြီး နှစ်သစ်ကူးနှုတ်ဆက်စကား ပြောပါတယ်။ ခုတလောနိုင်ငံခြားရောက် မြန်မာတွေအများဆုံးမေးတဲ့ ''တော်တော်ပြောင်းနေပြီလား'' ဆိုတဲ့ မေးခွန်းကိုပဲ မေးပါတယ်။

သတင်းသမားတွေ နေရာပေးခံရ
ဒီမေးခွန်းက လွယ်လွယ်ဖြေလို့ရတာမျိုး မဟုတ်ဘူး။ ပြောင်းတာတွေရှိသလို မပြောင်းတာတွေလည်း အများကြီးရှိနေတာဆိုတော့ လိပ်ပတ်လည်အောင် ပြောဖို့ခက်တယ်။ အဲဒါကြောင့် သူမေးသလို တစ်ခွန်းထဲနဲ့ပြီးအောင် ''ပြောင်းတော့ ပြောင်းတယ်။ ဒါပေမဲ့ မပြောင်းဘူး'' လို့ ဖြေ လိုက်တယ်။ ပြီးမှအသေးစိတ်သိချင်ရင် ခုတလောရေးနေတဲ့ ဂျာနယ် ဆောင်းပါးတွေကို အွန်လိုင်းကဖတ်ကြည့်ပေတော့လို့ ပြောရတယ်။ ထိပ်ဆုံးပိုင်းတွေမှာ တော့ ပြောင်းနေကြတာပဲ။ ဒီမိုကရေစီဆိုတဲ့စကားနှုတ်ဖျား မှာသီးနေကြတယ်။ နှစ်ပေါင်းငါး ဆယ်လုံးလုံး လူရာသွင်းမခံရတဲ့ သတင်းသမားတွေကို နေရာပေးပြီး အင်တာဗျူးလုပ်ကြတယ်။ ဂျာနယ်တွေထဲမှာ အရင်က နာမည်လေးတောင် ထည့်ရေးခွင့်မရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဓာတ်ပုံတွေ၊ မျက်နှာဖုံးက ဖောဖောသီသီကြီး ဖော်ပြကြတယ်။ အရင်က NLD ရုံးရှေ့က လမ်းတောင်ဖြတ်မလျှောက်ရဲတဲ့သူတွေ ခုတော့ရုံးထဲကို ချောင်းပေါက်မတတ် ၀င်ထွက်နေကြတယ်။
အကြွေးဝန်ထုပ်ကြီး
ပြောင်းတာတွေက အောက်ခြေကိုမရောက်တော့ တိုင်းသူပြည်သားများရဲ့ဘ၀တွေကတော့ ဘာမှထူးခြားမလာဘူး။ တောင်ပေါ်ဒေသတွေမှာ သေနတ်သံတွေ မစဲသေးသလို သားကိုမျှော်ရတဲ့ မိခင်တွေလည်း လည်ပင်းကိုးတောင်ရှည် ဖြစ်နေရဆဲပဲ။ ဒီကြားထဲမှာ ဈေးကွက် စီးပွားရေးကို လက်ညှိုးထိုးပြီး ဟိုကဈေးတက်၊ ဒီကဈေးတက်ဆိုတော့ ပိုပြီးပင်ပန်းကြရတယ်။ တောသူ တောင်သားတွေက ပိုပြီးခံရတယ်။ မြို့မှာက တစ်ခုမဟုတ်တစ်ခု ကြံဖန်ရှာဖွေစားသောက်လို့ရတယ်။ ယုတ်စွအဆုံး ပလတ်စတစ်လိုက်ကောက်ရင်တောင် ရသေးတယ်။ တောမှာကျတော့ လယ်ယာအလုပ်ကလွဲပြီး တခြားဘာမှ လုပ်စားစရာမရှိဘူး။ သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံတွေပျက်ရပြီဆိုရင် ကျောပေါ်က အကြွေးဝန်ထုပ်ကြီး ကြီးသထက်ကြီး လာတော့တာပဲ။
ခွက်တစ်ဆယ်အနည်းဆုံး
မြို့ပေါ်ဆင်းရဲသားတွေရဲ့ကျောပေါ်က ၀န်ထုပ်ဝန်ပိုးကြီး နှစ်ပိဿာခွဲလောက်လေးတယ်ဆိုရင် တောသူ တောင်သားတွေရဲ့ကျောပေါ်မှာ ဖိစီးနေတဲ့ ၀န်ထုပ်ဝန်ပိုးကြီးက ခွက်တစ်ဆယ်တော့ အနည်းဆုံး ရှိလိမ့်မယ်။ ဒီဖိစီးမှုကြီးက အရင့်အရင်အစိုးရ အဆက်ဆက်မှာရှိခဲ့တဲ့အတိုင်း ဘာမှ  ပြောင်းလဲမသွားဘူး။ အပေါ်မှာ ကြည့်လိုက်ရင်တော့ ပြောင်းနေပေမယ့်  အောက်ခြေမှာတော့ ဘာမှမပြောင်းလဲဘူး။ အဲဒါကြောင့် ပြောင်းတော့ ပြောင်းတယ်။ ဒါပေမဲ့ မပြောင်းဘူးလို့ ဖြေလိုက်တာ။ နောက်ဆုံးဖုန်းချခါနီးမှာ ''ပြောင်းရင်ပြန်လာမှာမို့လား''လို့ မေးလိုက်တော့ သူဖြေလိုက်ပုံက ''လုပ်ခွင့်သာရင်တော့ ပြန်လာဖို့ စဉ်းစားမှာပါ။ ရေရှည်အတွက်လည်း ကြည့်ရသေးတယ်လေ''တဲ့။
စောင့်ကြည့်ချင်ကြသေး
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က ပြည်ပရောက်နေသူတွေလည်း ပြန်လာနိုင်အောင် ဆောင်ရွက်ပေးသွားမယ်လို့ မိန့်ခွန်းပြောခါစက အတော်လေး ၀မ်းသာမိတယ်။ ဒီတစ်သက်တော့ ပြန်မတွေ့နိုင်ကြတော့ဘူးလို့ အောက်မေ့ထားတဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေ၊ ဆွေမျိုးသားချင်းတွေနဲ့ တပည့်ဟောင်းတွေကို ပြန်တွေ့နိုင်ဦးမှာပါလားဆိုပြီး ပျော်သွားတယ်။ ဒါပေမဲ့ လက်တွေ့ကျတော့ ဘယ်သူမှ ပြန်မလာကြသေးဘူး။ အခွင့်အလမ်းကောင်း၊ လုပ်ကွက်ကောင်းရှိ မလားလို့လာပြီး လေ့လာစူးစမ်းသူ တချို့တလေပဲ တွေ့ရတယ်။ အများစုကတော့ အကဲခတ် စောင့်ကြည့်ချင်ကြသေးတယ်။

တိုင်းပြည်ရဲ့ အရွယ်ကောင်းလေးတွေ သိန်းပေါင်းများစွာက အခုအခါ ပြည်ပနိုင်ငံတွေမှာ ရောက်ရှိနေကြတယ်။ ဖိနှိပ်မှု၊ သွေးစုပ်မှု၊ အနိုင်ကျင့်မှုတွေလည်း အမျိုးမျိုး ခံနေကြရတယ်။ မိဘကျေးဇူးဆပ်ဖို့နဲ့ မိသားစု လုပ်ကျွေးဖို့အတွက် မနည်းကြီး သည်းခံပြီး ရုန်းကန်လှုပ်ရှားနေရတယ်။ သူတို့တစ်တွေ မြန်နိုင်မျှ အမြန်ဆုံး ပြန်လာနိုင်ဖို့က အရေးကြီးဆုံးဖြစ်တယ်။ ဒီမိုကရေစီမြန်မြန်ရပြီး စီးပွားရေးတွေဖွံ့ဖြိုးတိုးတက်လာမှ သူတို့ ပြန်လာနိုင်ကြမှာ  . . .

တစ်နေ့တော့ပြန်လာမယ်
ဟုတ်တာပေါ့။ ရေကြည်ရာ မြက်နုရာကိုရောက်နေပြီးမှ သဲကန္တာရထဲကို ဘယ်သူကပြန်သွားချင်မှာလဲ။ စောင့်ကြည့်ဦးမယ်ဆိုသူတွေကို အပြစ်မမြင်ပါဘူး။ တစ်နေ့နေ့မှာတော့ သူတို့ပြန်လာမှာပါ။ ဘယ်လောက်တားတား ပြန်မလာဘဲ သူတို့မနေနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ ဟာ မြန်မာတွေဖြစ်နေကြလို့ပဲ။ သူများနိုင်ငံတွေ ဘယ်လောက်ချမ်းသာတယ်ပြောပြော မြန်မာပြည်လောက်တော့ နေချင့်စဖွယ်မရှိနိုင်ဘူး။ မြန်မာနိုင်ငံက ဥတုသပ္ပာယ မျှတတယ်။ အပူလွန်ကဲလို့ လူတွေသေတယ်ဆိုတာမျိုး မရှိသလို အေးလွန်းလို့ သေတယ်ဆိုတာမျိုးလည်း မရှိဘူး။ မိုးခေါင်လွန်းလို့ အငတ်ဘေးကျရောက်တယ်ဆိုတာမျိုးမရှိသလို မိုးများလွန်းလို့ လူတွေထောင်သောင်းချီ သေရတယ်ဆိုတာမျိုးလည်း မရှိဘူး။
ရတနာသိုက်ကြီး
ပူပိုင်းဒေသဖြစ်ပေမယ့် အအေးပိုင်းဒေသက ပန်းသီး၊ သစ်တော်သီး၊ လိမ္မော်သီး၊ စပျစ်သီးစတဲ့ သစ်သီးဝလံတွေလည်း လမ်းဘေးမှာ ပုံတိုက်ပြီး ရောင်းရလောက်အောင် ပေါပေါများများ ထွက်တယ်။ ၀တ်ဖို့အတွက် ၀ါချည်၊ ပိုးချည်တွေလည်း ထွက်တယ်။ နေစရာအတွက် သစ်ဝါးတွေလည်း ပေါတယ်။ မြေကြီးကလည်း ဘယ်နေရာတူးတူး ရေနံထွက်တဲ့နေရာက ထွက်၊ ရွှေထွက်တဲ့နေရာက ထွက်၊ ပတ္တမြားတို့၊ ကျောက်စိမ်းတို့ ထွက်တဲ့နေရာကထွက်မို့ တစ်နိုင်ငံလုံး ရတနာသိုက်ကြီးလို ဖြစ်နေတယ်။ လူတွေကြောင့်သာ ခုလို ဆင်းရဲတွင်းနက်နေရတာ။
မြန်မာတွေရဲ့ အပြုံး
ဒါတွေအားလုံးထက်ပိုပြီး မြန်မာပြည်ကို စွဲမက်ကြတဲ့အကြောင်းကတော့ မြန်မာတွေရဲ့ နွေးထွေးတဲ့ မေတ္တာတရားနဲ့ မြန်မာတွေရဲ့အပြုံး ဖြစ်တယ်။ မြန်မာတွေက ရန်သူကိုတောင် ဒုက္ခရောက်နေတာတွေ့ရင် ဒါမှမဟုတ် နိမ့်ကျသွားရင် အခွင့်သာပြီဆိုပြီး အနိုင်ယူလေ့မရှိဘူး။ အင်္ဂ လိပ်တွေနဲ့ အိန္ဒိယသားတွေထွက်ပြေးကြတော့ အစာငတ်ရေငတ်ဖြစ်လာသူကို ကျွေးမွေးစောင့်ရှောက်ကြတယ်။ ဂျပန်တွေ အသက်လုပြီး ထွက်ပြေးကြရတော့ လည်း တစ်ယောက်တည်း သင်းကွဲထွက်ပြေးလာသူတွေကို အသက်ဘေးက ကယ်ဆယ်ပြီး ၀ှက်ပေးထားခဲ့ကြတယ်။ စစ်ကြီးပြီးဆုံးသွားတာတောင် ဂျပန်ပြည်ကိုမပြန်တော့ဘဲ အသက်ကယ်ထားတဲ့ရွာမှာပဲ အသက်ထက်ဆုံးနေသွားခဲ့သူတွေ ရှိတယ်။
ရေကုသိုလ်
မြန်မာတွေက လူဆင်းရဲပေမယ့် စေတနာမဆင်းရဲဘူး။ ကျောင်းသားဘ၀ မန္တလေးက ရန်ကုန်ကိုရထားနဲ့လာတော့ ရထားရပ်တဲ့ဘူတာတိုင်းမှာ ရေအိုးလေးတွေရွက်ပြီး 'ရေကုသိုလ်၊ ရေကုသိုလ်' နဲ့ တစာစာအော်ရင်း သောက်ရေလိုက်ပေးသူတွေ လေး ငါးဦးထက်မနည်း အမြဲတွေ့ရတယ်။ တချို့ကအသက်ကြီးကြီး အမျိုးသမီးတွေ၊ တချို့ကအသက်ငယ်ငယ် ကလေးမလေးတွေ။ ခုခေတ်လိုရေရောင်းတာတွေ မပေါ်သေးဘူး။ စေတနာ သက်သက်နဲ့ လိုက်ကုသိုလ်ပြုကြတာဖြစ်တယ်။ ရပ်ထဲရွာထဲမှာလည်း တစ်အိမ်က ဟင်းကောင်းကျွေး  ကောင်းချက်ရင် ဘေးအိမ်က လူကြီးသူမများအတွက်ဆိုပြီး စားဦးစားဖျား ပို့လေ့ရှိတယ်။ အိမ်နီးချင်းတွေဟာ တစ်အိမ်နဲ့တစ်အိမ် ကူးလူးနေကြတာပဲ။ အလှူမင်္ဂလာဆောင်လိုကိစ္စများဆို တစ်ရပ်ကွက်လုံး ၀ိုင်းကူကြတယ်။ ဘာသိဘာသာ နေလေ့မရှိဘူး။ အင်မ တန်ပျော်စရာကောင်းတာ။
ကန်သမ္မတရဲ့ မှတ်ချက်
ဒါကြောင့် အမေရိကန်နိုင်ငံရဲ့ ၃၁ ဆက်မြောက် သမ္မတဖြစ်ခဲ့တဲ့ ဟားဘတ်ဟူးဗား(Herbert Hoover 1874-1964)က 'မြန်မာလူမျိုးများဟာ အာရှတိုက်တစ်ခုလုံးမှာ တကယ့်အစစ်အမှန် ပျော်ရွှင်ချမ်းမြေ့မှုကိုရရှိတဲ့ တစ်ခုတည်းသော လူမျိုးဖြစ်တယ်' (The Burmese are the only genuinely happy people in all of Asia) လို့ ပြောခဲ့တာဖြစ်တယ်။ ဟူးဗားက နိုင်ငံရေးနယ်ထဲမရောက်ခင် နမ္မတူဘော်တွင်းမှာ သတ္တုတွင်း အင်ဂျင်နီယာအဖြစ် လာရောက်လုပ်ကိုင်ခဲ့ဖူးတယ်။
အပျော်တွေစိမ့်ဝင်
ပျော်စရာအလွန်ကောင်းတဲ့ ဒေသမှာ လူဖြစ်လာကြရတဲ့အတွက် မြန်မာလူမျိုးတိုင်းရဲ့ဓာတ်ခံမှာ အပျော်တွေစိမ့်ဝင်နေတယ်။ သူတို့ရဲ့မျက်နှာတွေမှာ အတိုင်းသား ဖော်ပြနေတယ်။ မြန်မာပြည်ကို ပထမဆုံးအကြိမ် ရောက်ဖူးတဲ့ နိုင်ငံခြားသားတိုင်းမယုံနိုင်လောက်  အောင်ကို တအံ့တသြဖြစ်ကြတယ်။ ဒါလောက်ဒုက္ခသုက္ခတွေကြားက ပြုံးနေနိုင်တာကို သူတို့ မစဉ်းစားတတ်ကြဘူး။ ဓာတ်ပုံကိုသာမြင်ရရင်'ဆင်' ပြီးရိုက်ထားတာလို့ ထင်မှာသေချာတယ်။ လူကိုယ်တိုင်မြင်ရလို့သာ ယုံသွားကြရတာ။ မြန်မာလူမျိုးက လည်း အံ့သြမယ်ဆို အံ့သြထိုက်တယ်။ မှတ်ကရောဟဲ့ဆိုပြီး ကိုကိုးကျွန်းပို့ ပစ်လိုက်တာတောင် ကျွန်းပေါ်မှာ ဇာတ်ကဖြစ်အောင် ကခဲ့သူတွေဖြစ်တယ်။ သင်္ကြန်ကျတော့လည်း တီးမှုတ်ကခုန်တာတွေသာမက ဘောလုံးပွဲတွေ၊ ဘောလီဘောပြိုင်ပွဲတွေအပြင် ရခိုင်ရိုးရာ 'ကျင်' ကိုင်ပွဲတွေတောင် လုပ်လိုက်ကြသေးတယ်။

ပြန်ဖြစ်ချင်မှပြန်ဖြစ်မှာ
ပျော်စရာတိုင်းပြည်က ပျော်စရာလူမျိုးတွေကြားမှာနေရတာလောက် ဘယ်နေရာမှ ပျော်စရာကောင်းမှာမဟုတ်ဘူး။ အကြောင်းကြောင်းနဲ့ နိုင်ငံခြားတိုင်းပြည်အသီးသီးမှာ ရောက်ရှိနေကြတဲ့ မြန်မာတွေအများစုဟာ တစ်နေ့နေ့မှာ အသေအချာကို ပြန်လာကြမှာပါ။ မပြန်ချင်ပါဘူးဆိုသူက အနည်းစုဖြစ်ပါလိမ့်မယ်။ 'လုပ်ခွင့်သာရင်တော့ ပြန်လာဖို့ စဉ်းစားမှာပါ' ဆိုသူမျိုးကတော့ ပြန်ဖြစ်ချင်မှ ပြန်ဖြစ်မှာပေါ့။အဲဒီလူမျိုးတွေ ပြန်မလာလို့လည်း တိုင်းပြည်အတွက် ဘာမှဆုံးရှုံးမသွားပါဘူး။ သူတို့အတွက် ရေကန်အသင့် ကြာအသင့်ဖြစ်အောင် ဖန်တီးပေးဖို့ ဒီကလူတွေ ရုန်းကန်လှုပ်ရှားနေကြတာမှ မဟုတ်တာ။ သူတို့လို လူမျိုးတွေက ပြန်လာလည်း အခွင့်အရေးရဖို့လောက်သာ ချောင်းနေကြမှာဖြစ်တယ်။ ဘာတစ်ခုမှ လက်ကြောတင်းအောင် လုပ်မယ့်သူတွေမဟုတ်ဘူး။
ချိုးကူးသံလေးကြားရဖို့
နှစ်ပေါင်းငါးဆယ်လောက် နောက်ကျကျန်ရစ်ခဲ့တဲ့နိုင်ငံကို ပြန်ပြီးထူမတ်ပေးဖို့အတွက် လက်ကြောတင်းအောင်လုပ်မယ့်လူတွေ အများကြီးလိုတယ်။ တိုင်းပြည်ရဲ့အရွယ်ကောင်းလေးတွေ သိန်းပေါင်းများစွာက အခုအခါ ပြည်ပနိုင်ငံတွေမှာ ရောက်ရှိနေကြတယ်။ ဖိနှိပ်မှု၊ သွေးစုပ်မှု၊ အနိုင်ကျင့်မှုတွေလည်း အမျိုးမျိုးခံနေကြရတယ်။ မိဘကျေးဇူးဆပ်ဖို့နဲ့ မိသားစုလုပ်ကျွေးဖို့အတွက် မနည်းကြီးသည်းခံပြီး ရုန်းကန်လှုပ်ရှားနေရတယ်။ သူတို့တစ်တွေ မြန်နိုင်သမျှ အမြန်ဆုံး ပြန်လာနိုင်ဖို့က အရေးကြီးဆုံးဖြစ်တယ်။ ဒီမိုကရေစီမြန်မြန်ရပြီး စီးပွားရေးတွေ ဖွံ့ဖြိုးတိုးတက်လာမှ သူတို့ပြန်လာနိုင်ကြမှာ။ တောင်တန်းပြာကြီးတွေပေါ်မှာ သေနတ်သံတွေ လုံးဝချုပ်ငြိမ်းပြီး ချိုးကူသံလေး ကြားရဖို့လည်း အရေးကြီးပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံကိုပြင်မယ်ဆိုရင် ဖွဲ့စည်းပုံပြင်ဆင်ခြင်းဆိုင်ရာ ဥပဒေကို စပြင်မှဖြစ်လိမ့်မယ်။

၂၀၀၈ ဖွဲ့စည်းပုံကိုပြင်မယ်ဆိုရင် ဖွဲ့စည်းပုံပြင်ဆင်ခြင်းဆိုင်ရာ ဥပဒေကို စပြင်မှဖြစ်လိမ့်မယ်။

ဘယ်ဟာကိုပြင်မှာလဲ?

လွှတ်တော်အမတ်တွေရဲ့ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံရမယ် ဆိုတဲ့အချက်ကို ပြင်ရမှာဖြစ်ပါတယ်။

ဘယ်လိုပြင်ဆင်မှာလဲ ?

လွှတ်တော်ရဲ့ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံရမယ် ဆိုတဲ့အချက်ကို စဉ်းစားမယ်ဆိုရင် ဖွဲ့စည်းပုံကို ရေးဆွဲခဲ့တာကနေစပြီး စဉ်းစားဖို့လိုတယ်။ ဖွဲ့စည်းပုံက ၁၉၉၃ ခုနှစ် ကတည်းက အမျိုးသားညီလာခံ တံဆိပ်တပ်ပြီး ဆွဲလာခဲ့တာ။ အမျိုးသားညီလာခံ ဆိုတာကလည်း ၁၉၉၀ ရွေးကောက်ပွဲမှာ ကွင်းလုံးကျွတ် အနိုင်ရခဲ့တဲ့ NLD ကို အာဏာလွှဲမပေးချင်လို့ ပြည်သူ့လွှတ်တော် အစား တိုင်းပြုပြည်ပြုလွှတ်တော်မျိုးလုပ်ပြီး ဖွဲ့စည်းပုံရေးခိုင်းတာပဲ။ ဖွဲ့စည်းပုံရေးတော့ ပြည်သူလူထုဆန္ဒ၊ ပြည်သူ့ ကိုယ်စားလှယ်တွေရဲ့ ဆန္ဒ မပါခဲ့ဘူး။ ရဟန်းရှင်လူ ကျောင်းသားပြည်သူတရပ်လုံး နည်းအမျိုးမျိုးနဲ့ အကြိမ်ကြိမ်ကန့်ကွက်နေတဲ့ကြားထဲကပဲ စစ်အုပ်စုက ဖွဲ့စည်းပုံကို သူ့လူနဲ့သူ ရေးဆွဲခဲ့တယ်။ ပြည်သူ့ကိုယ်စားလှယ် (လွှတ်တော်အမတ်) တမတ်သားတောင် မပါခဲ့ဘူး။ အဲဒီလို လွှတ်တော်အမတ် တမတ်သား (၄ ပုံ ၁ ပုံ) တောင် မပါပဲ ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံ (တနည်းအားဖြင့်) ဒီမိုကရေစီနည်းမကျတဲ့ ဖွဲ့စည်းပုံကိုပြင်ဆင်ဖို့ လွှတ်တော်အမတ် ၇၅ ရာခိုင်နှုန်း ကျော် ထောက်ခံရမယ်ဆိုတဲ့ ပြဌာန်းချက်က ရယ်စရာကောင်းမနေဘူးလား။ ၇၅ ရာခိုင်နှုန်းကျော် (၄ ပုံ ၃ ပုံ)  ထောက်ခံရမယ် ဆိုတဲ့ ပြဌာန်းချက်က ဖွဲ့စည်းပုံ ပြင်လို့မရအောင် ခက်ခဲအောင် မူလီကြပ်ထားတာပဲ။ ဒီမိုကရေစီနိုင်ငံတွေမှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့မဟုတ်ဘူး။ တခြားဟာတွေထက်ကို ပိုခက်တယ်။ ဒါပေမယ့် နအဖ ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံလောက်တော့ မခက်ဘူး။ ကျနော့်အမြင်က ဖွဲ့စည်းပုံမှာပြဌာန်းထားတဲ့ ၇၅ ရာခိုင်နှုန်းကျော် (၄ ပုံ ၃ ပုံ) ကို (၃ ပုံ ၂ ပုံ) နဲ့ အစားထိုး ပြင်ဆင်ပြောင်းလဲသင့်တယ်လို့ မြင်ပါတယ်။  လူတရာမှာ ၄ ပုံ ၃ ပုံ ဆိုရင် ၇၅ ယောက်ဖြစ်မယ်၊  ၃ ပုံ ၂ ပုံ ဆိုရင် ၆၆ ယောက်ဖြစ်တယ်။ ဖွဲ့စည်းပုံပြင်ဖို့ ၇၅ ယောက်မလိုပါဘူး၊ ၆၆ ယောက် ဆိုရင် ဖြစ်ပါတယ်။ ထက်ဝက်ကျော်နေတာပဲ။

ဒုတိယအဆင့် ဖြစ်တဲ့ -  တပြည်လုံးဆန္ဒခံယူပွဲလုပ်ပြီး ဆန္ဒမဲပေးခွင့်ရှိသူတွေရဲ့ ထက်ဝက်ကျော်က ထောက်ခံ ရမယ် ဆိုတဲ့ ပြဌာန်းချက်ကိုတော့ ကန့်ကွက်စရာမရှိပါ။ နိုင်ငံရေးအာဏာဟာ ပြည်သူလူထုထံက ဆင်းသက် တယ်ဆိုတဲ့ ဒီမိုကရေစီအခြေခံသဘောအရ အာဏာဆိုတာ ပြည်သူလူထုရဲ့ လက်ထဲမှာရှိကိုရှိရမှာဖြစ်တယ်။ နိုင်ငံတခုရဲ့ ကောင်းမှု/ဆိုးမှုကို သူ့နိုင်ငံရဲ့ ပြည်သူလူထုကပဲ ဆုံးဖြတ်ရမှာဖြစ်တယ်။ ဒါကြောင့် ဆန္ဒခံယူပွဲ ဆိုတာကို ဒီမိုကရေစီအခြေခံမူအရ လက်မခံနိုင်စရာမရှိဘူးလို့ မြင်ပါတယ်။ သို့သော် လုပ်နည်းလုပ်ဟန်ပိုင်းမှာ ၂၀၀၈ မှာ လုပ်သွားသလိုမျိုးမဖြစ်ဖို့ နဲ့ ဒီမိုကရေစီနည်းလမ်း ကျကျ လုပ်သွားဖို့ပဲလိုတယ်လို့ မြင်ပါတယ်။


ထပ်ပြီး ဖြည့်စွက်ရမှာက ပြည်သူလူထုလက်ထဲ အာဏာခွဲဝေပေးတဲ့အချက်၊ အဲဒါက ဘာဖြစ်သင့်လဲဆိုတော့ ဆန္ဒသဘောထားတခုကို မဲဆန္ဒပေးပိုင်ခွင့်ရှိသူ ၅ သိန်းပြည့်ခဲ့ရင် လွှတ်တော်ကို တိုက်ရိုက်တင်သွင်းနိုင်တယ်၊ လွှတ်တော်က ကိုင်တွယ်ဖြေရှင်းပေးရမယ်ဆိုတဲ့အချက်ပါပဲ။



(သားဆွေ)


ပညာရေးဆိုသည်မှာ ...

ပညာရေးဆိုသည်မှာ ...
by LAS Group ပညာရေးအကြံပေးအဖွဲ့  on Friday, May 18, 2012 at 12:36pm ·

ပညာရေးဆိုသည်မှာ
ပညာရေးဟူသောစကားလုံး၏သမိုင်းကိုတူးဆွသောအခါ`ကြီးပြင်းလာစေသည်´ဟုအဓိပ္ပ္ပာယ်ရသော လက်တင်စကားလုံး(educarea)မှဆင်းသက်လာသည်ကိုသိရှိရပါသည်။၎င်းသည်ယင်းလက်တင်စကားလုံး နှင့်ဆက်နွယ်နေပြီး “ကြီးပြင်းလာစေသည်”“အတွင်းပိုင်းဖွံ့ဖြိုးမှုဖြစ်ထွန်းလာစေသည်” “စွမ်းရည်တိုးတက်လာစေသည်” ဟူသောသဘောအဓိပ္ပ္ပာယ်ဆောင်လျက် “ဦးဆောင်သည်” (ducerea) ဆိုသောအနက်ကိုလည်းသက်ရောက်စေပါသည်။

ထို့ကြောင့်ယုတ္တိဗေဒသဘောအရ ပညာရေးဟူသည် လူတစ်ဦးတစ်ယောက်၏ဥာဏ်၊ ကိုယ်ရည်ကိုယ် သွေး သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုကို အကျိုးသက်ရောက်သည့် မည်သို့သော အခြေအနေ သို့မဟုတ် စွမ်းရည်ကို ဆိုလိုခြင်းပင်ဖြစ်သည်။၎င်း၏လက်တွေ့သဘောသဘာဝအရ ပညာရေး သည် လူ့အဖွဲ့စည်းက ၄င်းစုဆောင်းထားသောအသိပညာ၊စွမ်းရည်များနှင့်ကိုယ်ကျင့်တရားများကိုမျိုးဆက်တစ်ဆက်မှတစ်ဆက်သို့ သယ်ဆောင်ပေးသောနည်းလမ်းဟုဆိုအပ်ပေသည်။

ပညာရေးအမျိုးအစားများ

ပညာရေးကို အသိပညာအဆင့်အတန်းပေါ်တွင်အခြေခံ၍ အမျိုးအစား ၃ ရပ်ခွဲခြားနိုင်သည်။
(က)သမာရိုးကျပညာရေး

သမာရိုးကျပညာရေးကို ကျောင်းတွင်ပုံမှန်အတိုင်းစတင်ပါသည်။ လူပုဂ္ဂိုလ် တစ်ဦးအနေဖြင့် အခြေခံ၊ သဘောတရားရေးရာ သို့မဟုတ် အသက်မွေးဝမ်းကျောင်းစွမ်းရည်များကိုကျောင်းတွင်သင်ယူရသည်။ သမာရိုးကျပညာရေးကိုအခြေခံကျောင်းတွင်စတင်ပြီးအလယ်တန်းကျောင်းတွင်ဆက်လက်သင်ယူကြရသည်။ အလယ်တန်းလွန်ပညာရေး သို့မဟုတ် အဆင့်မြင့်ပညာရေးကိုကောလိပ် သို့မဟုတ် တက္ကသိုလ်တွင် သင်ကြားပေးသည်။သမာရိုးကျပညာရေး၏ပုံမှန်စနစ်တွင်-ဆရာဖြင့်သင်ယူမှုကိုလုပ်ဆောင်စေသောလမ်းညွှန်ပြသရေး
ကျောင်းသားကိုသင်ယူမှုရရှိစေရန်လမ်းညွှန်ပြသသူ၏လက်တွေ့လုပ်ဆောင်မှုများဖြင့်သင်ကြားရေး
စာသင်သားများကိုသင်ယူတတ်မြောက်မှုအပြီးတွင်ချက်ခြင်းလက်တွေ့လုပ်ဆောင်စေနိုင်သည့်သီးခြားအသိပညာ၊စွမ်းရည်များသို့မဟုတ်အရည်အချင်းများဖြင့်ပြည့်စုံအောင်ပြင်ဆင်ပေးနိုင်သည်ဟူသောအသိအမြင် ဖြင့်သင်ယူလေ့လာစေသော သင်ယူရေးတို့ပါဝင်ကြသည်။

(ခ)သမာရိုးကျလွန်ပညာရေး

သမာရိုးကျလွန်ပညာရေးဆိုသည်မှာသက်ကြီးအခြေခံပညာရေး၊သက်ကြီးစာတတ်မြောက်မှုပညာရေး သို့မဟုတ် ကျောင်းအဆင့်တူပြင်ဆင်မှု ပညာရေးတို့ကို တစ်ခါတစ်ရံတွင် ဆိုလိုသည်။ သမာရိုးကျလွန်ပညာရေးတွင်သက်ကြီးသို့မဟုတ် ကျောင်းမနေသောလူငယ်တစ်ဦးသည်စာတတ်မြောက်မှု၊ အခြားအခြေခံစွမ်းရည်များသို့မဟုတ်အလုပ်အားရင်စွမ်းရည်များကိုသင်ယူနိုင်သည်။သမာရိုးကျလွန်ပညာ ရေးကို လူနည်းစုအတန်းများတွင် သို့မဟုတ် ကိုယ်ပိုင်လေ့လာမှုဖြင့်ဆည်းပူးရယူနိုင်ပါသည်။

(ဂ)သီးခြားပညာရေး

သီးခြားပညာရေးလည်းရှိသေးသည် ဥပမာ မိဘက သားသမီးကိုချက်တတ်ပြုတ်တတ်အောင်သင်ပေးခြင်း သို့မဟုတ်သူငယ်ချင်းတစ်ယောက်ကတတ်ကျွမ်းမှုစွမ်းရည်တစ်ခုခုကိုသင်ပေးခြင်းမျိုးဖြစ်သည်။သီးခြား ပညာရေးကိုစာကြည့်တိုက်မှစာအုပ်များစွာဖက်ရှု့ခြင်း၊ကွန်ပျူတာထဲတွင်ပို့ချချက်များလေ့လာခြင်းတို့ဖြင့် လည်းရယူနိုင်ပါသည်။သီးခြားပညာရေးမှာကျောင်းတွင်သင်ယူရခြင်းမျိုးနှင့်အခြားသင်ယူမှုနည်းလမ်းတစ်ခုခုဖြင့် သင်ယူရခြင်းမျိုး မဟုတ်ပေ။

ပညာရေး၏စံပြုဖွယ်ရာများ

ယခုလက်ရှိအခြေအနေအရပညာရေးကိုသင်ယူမှုပုံစံအမျိုးမျိုးဖြင့်လည်းခွဲခြမ်းထားပါသည်။ပညာရေးစံပြု ဖွယ်အချက်များထဲမှ လူသိအများဆုံးအချက်များမှာ-



ပညာရေးခြေရာများ

ပညာရေးသဘောတရားပညာရှင်များ၏အလိုအရပညာရေးသမိုင်းသည်နှစ်သန်းပေါင်းများစွာကတည်းက စတင်ခဲ့သည်။လူသား၏အဓိကလုပ်ငန်းမှာမျိုးဆက်တစ်ဆက်မှတစ်ဆက်သို့အသိတရား၊အရည်အချင်းများနှင့်တတ်မြောက်မှုတို့ကိုလက်ဆင့်ကမ်းပေးရခြင်းဖြစ်ပြီးပညာရေးမှာလည်းတစ်သဘောတည်းဖြစ်သဖြင့် လူ့သမိုင်းသည်ပညာရေးသမိုင်းပင်ဖြစ်သည်။ယဉ်ကျေးမှုနှင့်လူသားများ အဆင့်ဆင့်ပြောင်းလဲလာခြင်းသည် အသိပညာကိုလက်ဆင့်ကမ်းပေးသော အလေ့အကျင့်ကြောင့်ဖြစ်သည်ဟု သုံးသပ်နိုင်ပါသည်။
စာပေမပေါ်ထွန်းသေးသောရှေးခေတ်လူ့အဖွဲ့အစည်းများတွင်ပညာရေးကိုနှုတ်မှသော်လည်းကောင်း တုပ၍သော်လည်းကောင်းသင်ယူခဲ့ကြသည်။မျိုးဆက်တစ်ဆက်မှတစ်ဆက်သို့နှုတ်မှပြောပြခြင်းဖြင့် လက်ဆင့်ကမ်းလာခဲ့ခြင်းဖြစ်သည်။အပြောဘာသာစကားသည်အရေးသင်္ကေတနှင့်စာများအဖြစ်ပြောင်း လဲတိုးတတ်လာသည်။ယဉ်ကျေးမှုကျယ်ပြန့်လာသောအခါတွင်အခြေခံဆက်သွယ်ရေး၊အစားအစာစု ဆောင်းရေး၊ဘာသာရေးဓလေ့ထုံးစံများလည်းဖြစ်ထွန်းလာပြီးသမာရိုးကျပညာရေးနှင့်ကျောင်းနေခြင်းစ သည်တို့လည်း တဖြည်းဖြည်းပေါ်ပေါက်လာခဲ့သည်။
ထိုသို့သောကျောင်းနေခြင်းသည်အီဂျစ်နိုင်ငံတွင်ခရစ်တော်မပေါ်မီ၃၀၀၀နှင့်၅၀၀နှစ်များအကြားမှစတင်ပေါ်ထွန်းနေခဲ့သည်။ဝေဒ၊ပုရာဏ၊အာယုဗ္ဗေဒ၊ယောဂ၊ကော်တီလျာ၏အာသာဆာဟထရာစသည်တို့သည်အိန္ဒိယအသိပညာစနစ်အတွက်မှတ်တိုင်အချို့ပင်ဖြစ်သည်။ရှေးဟောင်းအိန္ဒိယနိုင်ငံတွင်ဂုရုကူးလ်စနစ်အရ မိရိုးဗလာပညာရေးပေါ်ပေါက်ခဲ့သည့်အထောက်အထားများတွေ့ရှိနိုင်ပါသည်။ဂုရုကူးလ်စနစ်(Gurukulsystem) အရလူဆွယ်ယောက်ျားလေးများသည် ဗြဟ္မချာယာ (Brahmacharya) အရွယ်မှလွန်မြောက်လျှင် ဂုရု သို့မဟုတ် ဆရာသခင် ၏အိမ်သို့သွားရောက်နေထိုင်ကာ ပညာရှာမှီးရလေသည်။ ရှေးခေတ်ပညာရေး စနစ်သည်ပါရမီထူးသူများကိုမွေးထုတ်ပေးခဲ့သော်လည်းသုတေသနနယ်ပယ်ကြီးကကျယ်ဝန်းနေဆဲပင်ဖြစ်ပြီးရှေးယခင်ကထိုပညာရေးကိုတန်းတူညီမျှသင်ယူခဲ့ကြရခြင်းလည်းမဟုတ်ပေ။
ယနေ့ခေတ်တွင်နိုင်ငံအများစုရှိလူအားလုံးတို့အတွက်ပညာရေးအမျိုးအစားအချို့သည်မရှိမဖြစ်အရေးပါလာ ကြသည်။လူဦးရေတိုးပွားလာခြင်းနှင့်မသင်မနေရပညာရေးအားကောင်းလာခြင်းတို့ကြောင့် ယူနက်စကို(UNESCO) အဖွဲ့ကြီးက နောင်လာမည့်နှစ်၃၀အတွင်း ကြိုတင်ခန့်မှန်းထားသည်နှင့်အညီ သမာရိုးကျ ပညာရေးကိုယခင်လူ့သမိုင်းတလျောက်ထက်ပို၍ရရှိလာတော့မည်ဖြစ်သည်။

ကမ္ဘာ့ပထမဆုံးတက္ကသိုလ်များ

အီဂျစ်နိုင်ငံ၊ကိုင်ရိုမြို့ရှိ အယ်လ်အက်ဇ်ဟာတက္ကသိုလ်သည် ကမ္ဘာပေါ်တွင်အစောဆုံးတက္ကသိုလ်ဟု ယေဘုယျအားဖြင့်ယူဆထားကြသည်။၎င်းကိုကိုင်ရိုမြို့တော်နှင့်အတူအေဒီ၉၆၉ခုနှစ်တွင်တည်ထောင်ခဲ့ သည်။ပထမဆုံးပို့ချချက်ကိုအေဒီ၉၇၅ခုနှစ်တွင်စတင်ခဲ့သည်။သင်ယူမှုဌာနများစွာကဲ့သို့ပင်အယ်အက်ဇ်ဟာ တက္ကသိုလ်ကိုဝတ်ပြုကိုးကွယ်မှုနှင့်ဘာသာရေးစာပေပို့ချရာနေရာတစ်ခုအဖြစ်ရည်ရွယ်ခဲ့သည်။
၎င်းနှင့်ဝေးကွာသောမော်ရိုကိုနိုင်ငံ၊ဖက်ဇ်မြို့ရှိကွာရာဝီယင်ဗလီကိုလည်းကမ္ဘာ့အစောဆုံးတက္ကသိုလ်တစ်ခုအဖြစ်ယူဆကြသည်။
ဥရောပအစောဆုံးတက္ကသိုလ်ကိုအီတလီမြောက်ပိုင်းမြို့တော်ဘိုလော့ဂ်နာ၌၁၀၈၈ခုနှစ်ကတည်ထောင်ခဲ့ သည်။
အမေရီကန်ပြည်ထောင်စု၏အစောဆုံးတက္ကသိုလ်မှာအင်္ဂလိပ်ကိုလိုနီများမန်ဆာချူးဆက်ပင်လယ်ကွေ့ ကိုလိုနီနယ်သို့ရောက်ရှိလာပြီးမကြာမီ၁၆၃၆ခုနှစ်၌မနဆာချူးဆက်ပြည်နယ်၊ကင်းဘရစ်ခ်ျ၌ဖွင့်လှစ်ခဲ့သောဟားဗတ်တက္ကသိုလ်ဖြစ်သည်။
အိန္ဒိယနိုင်ငံတွင်သည်ရှိသောရှေးဟောင်းတက္ကသိုလ်နှစ်ခုဖြစ်သည့်နာလန်ဒါနှင့်တက္ကသီလာတို့ကိုအယ်လ်အက်ဇ်ဟာတက္ကသိုလ်ထက်ပင်ပို၍စောသည်ဟုယုံကြည်ကြသော်လည်းအထောက်အထားများပြသနိုင်ခြင်းမရှိပေ။

ပညာရေး၏လက်တွေ့ကျမှု

မည်သည့်ဖွံ့ဖြိုးဆဲနိုင်ငံအတွက်မဆိုပညာရေးသည်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန်အထောက်အပံ့ပြုသည့်အမျိုးသားလူသားအရင်းအမြစ်တည်ထောင်နိုင်ရေးအတွက်လူထုကိုအမှန်တကယ်စွမ်းအားမြှင့်ပေးရန်လိုအပ်သည်။ ပညာရေးသည် ကျွန်ုပ်တို့၏ ခေတ်ကာလလိုအပ်ချက်များပြောင်းလဲသည်နှင့်အမျှ ဟန်ချက်ညီကာ လက်တွေ့ကျရန် လိုအပ်သည်ဟုဆိုလိုခြင်းဖြစ်သည်။

ပညာရေးကိုကြိုက်သည်ဖြစ်စေ၊မကြိုက်သည်ဖြစ်စေအချိန်ကာလများကကျွန်ုပ်တို့အလုပ်လုပ်သောလမ်း ကြောင်းပေါ်ရှိတောင်းဆိုချက်နှင့်ဖိအားအမျိုးမျိုးကိုသာမကကျွန်ုပ်တို့လိုအပ်သောစွမ်းရည်များကိုလည်း ပြောင်းလဲဖန်တီးပေးတတ်သည်။ယေဘုယျအခြေခံပညာရေးသည်သူ့အတိုင်းအတာလျောက်အချိန်ကာလ ပေါ်မူတည်၍မျှတစွာတည်တံ့လျက်စံပြုဖွယ်ရှိနေတတ်သည့်တိုင်အလုပ်အကိုင်ဆောင်ရွက်နိုင်စွမ်းရှိစေ သည့်ပညာရေးမှာမူပြောင်းလဲသွားရသည်။

ပညာရေးသည်အသက်မွေးဝမ်းကျောင်းဆိုင်ရာရည်ရွယ်ချက်များအတွက်ဖြစ်ရန်လိုအပ်သည်၊ ဖြစ်သင့်သည် ဆိုသောသဘောသက်ရောက်ပါသည်။ကျောင်းသားများသည်အထက်တန်းအောင်ပြီးလက်တွေ့တွင်ဘာ ဆက်လုပ်ရမှန်းမသိသောအဖြစ်မျိုးကြုံ တွေ့ရတတ်ကြသည်။
ယင်းအဖြစ်မျိုးသည်အခြေအနေအရပ်ရပ်ပေါ်တွင်မူတည်သော်လည်းပညာရေးသာအနည်းငယ်ပို၍လက်တွေ့ကျလျှင်သဘာဝအလျောက်အသက်မွေးဝမ်းကျောင်းဆန်လျှင်ယင်းေ၀၀ါးမှုများကိုရှောင်ရှားနိုင်ကာ၎င်းတို့၏အနာဂတ်လမ်းကြောင်းများအတွက်လမ်းပြပေးနိုင်မည်သာဖြစ်သည်။ပညာရေးအလုပ်အကိုင်အကြောင်းအချက်များနှင့်သင်တန်းများ

အလုပ်အကိုင်ဆိုင်ရာအကောင်းဆုံးအကြောင်းအချက်ကိုရွေးချယ်ခြင်းသည်ဘ၀တာဆုံးဖြတ်ချက်တခုအ တွက်အကျိုးရှိနိုင်သည်သာမကစီးပွားေ၇းနှင့်လူမှုရေးဆိုင်ရာတည်ငြိမ်မှုအတွက်လည်းအရေးကြီးပါသည်။ တစ်နည်းအားဖြင့်အလုပ်အကိုင်ရွေးချယ်မှုကောင်းလျှင်နေထိုင်မှုအဆင့်မြင့်မားစေရန်အထောက်အကူပြု သည်။စင်္ကာပူတွင်အင်ဂျင်နီယာ၊လူထုဆက်သွယ်ရေး၊လေကြောင်းပျံသန်းမှု၊လေတပ်၊ဆေးပညာ၊ကြော် ငြာ၊အတတ်ပညာ၊ရုပ်ရှင်ရိုက်ကူးခြင်း၊ခရီးသွားလုပ်ငန်း၊နိုင်ငံခြားဘာသာစကား၊ဓာတ်ပုံပညာ၊ဟိုတယ်လုပ် ငန်း၊အိန္ဒိယစသစ်တပ်နှင့်ရေတပ်၊တယ်လီဖုန်းဆက်သွယ်ရေး၊စာနယ်ဇင်းပညာ၊စည်ပင်သာယာရေး၊အာမခံလုပ်ငန်း၊ဘဏ်လုပ်ငန်း၊နို့ထွက်ပစ္စည်းနည်းပညာ၊ဆေးဝါးကျွမ်းကျင်မှု၊BPO’S,KPO’S၊ ဗီဒီယိုနှင့် ရေဒီယိုစီစဉ်တင်ဆက်မှု၊တိရစ္ဆာန်ဆေးကုသိပ္ပံပညာ၊ဥပဒေ၊ဂီတ၊စိုက်ပျိုးရေး၊ုသိပ္ပံပညာ၊စာရင်းအင်းပညာစသောအသက်မွေးဝမ်းကျောင်းဆိုင်ရာကဏ္ဏအသီးသီးအတွက်သင်တန်းမျိုးစုံပို့ချပေးပါသည်။
နောင်မကြာမီလာမည့်ရက်များအတွင်းလုပ်ငန်းကဏ္ဏအမျိုးမျိုးပေါ်တွင်အခြေပြု၍အလုပ်အကိုင်အကြောင်းအချက်များကိုအသေးစိတ်ရှာဖွေကာအလုပ်အကိုင်အတွက်သင်တန်းများရွေးချယ်ရာတွင်ကြုံတွေ့ရတတ်သည့်ပြသနာများကိုဖြေရှင်းနိုင်ရန်အတွက်ဆောင်းပါးများရေးသားဖော်ပြပေးပါဦးမည်။