8:14am May 7
|
ကမ္ဘာ့ထိပ်တန်းဘဏ်များဖြစ်သော
Standard Chartered ဘဏ်နှင့် ဂျပန်ဘဏ်များ အပါအဝင် နိုင်ငံခြားဘဏ်ကြီးများကို ၂၀၁၄
ခုနှစ်မှ မြန်မာနိုင်ငံတွင် ဘဏ်ခွဲဖွင့်ခွင့်ပေးမည်ဖြစ်ကြောင်း
နိုင်ငံခြားဘဏ်ရုံးခွဲ ကိုယ်စားလှယ်များနှင့် ဘဏ်လုပ်ငန်းအသိုင်းအဝိုင်းထံမှ
သတင်းရရှိပါသည်။ “၂၀၁၃ မှာ VISA တို့၊ CUP တို့လို နိုင်ငံခြားကတ်တွေ
ဝင်ခွင့်ပေးမယ်လို့ သိရပြီး နိုင်ငံခြားဘဏ်ခွဲ ဖွင့်ခွင့်ကိုတော့ ၂၀၁၄ မှ
ဖြစ်နိုင်မယ်လို့ ဗဟိုဘဏ်တာဝန်ရှိသူတွေက ပြောတယ်” ဟု နိုင်ငံခြားဘဏ်ရုံးခွဲ
ကိုယ်စားလှယ်တစ်ဦးက ပြောကြားပါသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် မြန်မာဘဏ်
၁၁ ဘဏ်ကို နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ပြုထားပြီး လက်ရှိအချိန်တွင်
SWIFT Code ရရှိရန် စောင့်ဆိုင်းလျက်ရှိကြောင်း၊ အဆိုပါ မြန်မာ့ဘဏ်များ
နိုင်ငံခြားဘဏ်လုပ်ငန်းကို နိုင်ငံတကာအဆင့် လည်ပတ်နိုင်မှသာ နိုင်ငံခြားဘဏ်များကို
မြန်မာနိုင်ငံတွင် ဘဏ်ခွဲဖွင့်လှစ်ခွင့်ပြုမည်ဟု မူဝါဒချမှတ်ထားပြီး
လက်ရှိအချိန်တွင် ကိုယ်စားလှယ်ရုံးခွဲအဖြစ်သာ ဖွင့်လှစ်ခွင့်ပြုထားကြောင်း သိရသည်။
၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်း လုပ်ကိုင်နိုင်ရန်
အမေရိကနှင့် ဥရောပဘဏ်ကြီးများ စတင်ချိတ်ဆက်လာပြီး ဗဟိုဘဏ်တာဝန်ရှိသူများနှင့်
လာရောက်တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း၊ စီးပွားရေးပိတ်ဆို့မှု
ဖြေလျှော့မှုပမာဏအပေါ် မူတည်ပြီး ဘဏ်လုပ်ငန်းများ ဆောင်ရွက်သွားရန်
ပြင်ဆင်ဆောင်ရွက်နေကြောင်း အဆိုပါဘဏ်အချို့၏ ကိုယ်စားလှယ်အဖြစ်
ဆောင်ရွက်နေသူများထံမှ သိရှိရကြောင်း ၂၀၁၂ ခုနှစ် မေလ ၉ ရက်နေ့ထုတ် Weekly Eleven
ဂျာနယ်တွင် ဖော်ပြထားပါသည်။ "
No comments:
Post a Comment