Wednesday, May 9, 2012

CJ တွေအပေါ် ပြည်တွင်းပြည်ပ စာနယ်ဇင်းပညာရှင်များနှင့် အနုပညာရှင်များ၏အမြင်များ။ အပိုင်း (၁)


CJ တွေအပေါ် ပြည်တွင်းပြည်ပ စာနယ်ဇင်းပညာရှင်များနှင့် အနုပညာရှင်များ၏အမြင်များ။ အပိုင်း (၁)

by CJMyanmar on Tuesday, May 8, 2012 at 6:10am ·
လွတ်လပ်ပြီး တရားမျှတတဲ့ ဒီမိုကရေစီနိုင်ငံတော်ကို တည်ထောင်ရာမှာ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်းမီဒီယာဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကပါဝင်တယ်လို့ CJ Myanmar က ယုံကြည်ပါတယ်။ သတင်းမီဒီယာရဲ့ လွတ်လပ်ခွင့်ကိုကျင့်သုံးရာမှာ အမှီအခိုကင်းတဲ့ မီဒီယာ မရှိမဖြစ်လိုအပ်တယ်လို့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ ပေးပို့ထားတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ သ၀ဏ်လွှာမှာ ဖော်ပြပါရှိပါတယ်။ ဒီလို အမှီအခိုကင်းပြီး လွတ်လပ်တဲ့ သတင်းမီဒီယာတိုးတက်ဖြစ်ပေါ်လာရေး
မှာ သတင်းမီဒီယာကြီးများနည်းတူ တတပ်တအားပူးပေါင်းပါဝင်ဆောင်ရွက်နေကြတဲ့ Citizen Journalists (တနည်း) လူထုသတင်းသမားများကလည်း မိမိတို့တတ်စွမ်းသည့်ဘက်မှ သတင်းကွက်လပ်ဖြည့်ပေးသူများလို့ ယုံကြည်မိပါတယ်။ ထို Citizen Journalists (တနည်း) လူထုသတင်းသမားများအပေါ် ပြည်တွင်းပြည်ပ စာနယ်ဇင်းပညာရှင်များနှင့် အနုပညာရှင်များ၏ အမြင်များကိုစုစည်းတင်ဆက်လိုက်ပါသည်။

C J များ ရဲ့ အခန်းကဏ္ဍဟာ အထူးသဖြင့် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ကာလက စတင်ပြီး ဒီကနေ့ထိ သိသိသာသာ အားကောင်းလာတာတွေ့ရပါတယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီးနောက်မှာသိသိသာသာ ပိုအားကောင်းလာတာတွေ့ရပြီး သတင်းမီဒီယာကြီါ်များထက် သဘာဝ အရ မြန်ဆန်သွက်လက်စွာ ထိထိရောက်ရောက် သတင်းပေးပို့လာတာတွေ့ရပါတယ်။
(ပန်းချီ ထိန်လင်း)

စီတီဇင်ဂျာနယ်လစ်တွေ  ပိုမိုပေါ်ထွက်လာတာနဲ့အမျှ သတင်းစီးဆင်းမှုကို ပိုမိုမြန်ဆန် အားကောင်းစေပါတယ်။
(စိန်ဝင်း - မဇ္ဇျိမ)

ဒီနေ့ခေတ်မှာ အမြင်မတော်တာတွေ့တိုင်း ပြောရဲ ဆိုရဲ တင်ပြရဲတဲ့ တိုင်းပြည်နဲ့ လူမျိုးကို ချစ်တဲ့ နိုင်ငံသားတွေ လိုအပ်ပါတယ်။ ကိုယ့်အခွင့်အရေး ထိပါးရင်၊ ကိုယ့် တိုင်းပြည်နဲ့ လူထု အကျိုးယုတ်မယ့် ကိစ္စတွေ တွေ့လာရင် ငြိမ်မနေဘဲ အော်ဖို့၊ လူများများ သိစေဖို့ နိုင်တဲ့ဘက်က ၀င်ပါဖို့ လိုပါတယ်။ ကျင်းသုံးနေဆဲ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၅၄ (က) အရလည်း လွတ်လပ်စွာ ပြောဆို၊ ရေးသား၊ ထုတ်ဖော်ခွင့်ကို ရထားတာကြောင့် တည်ဆဲ ဥပဒေပါ အခွင့်အရေးကို အရအမိ ယူကြလို့ နိုင်ငံသားကောင်း လုပ်ကြတယ်လို့လည်း ကျွန်တော်တော့ ရိုးရိုးလေးပဲ ယုံကြည်ပါတယ်။ တခုပဲ ရှိပါတယ်၊ ဒီလို လုပ်တဲ့ သူတွေဟာ တိုင်းပြည်နဲ့ လူထုအတွက် အကျိုးရှိရာကို လုပ်ရပါမယ်။ အဂတိ ကင်းရှင်းရပါမယ်။ စေတနာ မှန်ရပါမယ်။ ဒါ ဆိုရင် အားလုံးက အပြစ်မမြင်ဘဲ ချစ်ခင်တဲ့အပြင် အာဏာပိုင်တွေကပါ တန်ဖိုးထားတဲ့ မီဒီယာတခု (၀ါ) သူတို့အတွက်ပါ ၀ိုင်းဝန်း ထောက်မ စောင့်ကြည့်ပေးနေတဲ့ အစောင့်အအုပ်တခုလို လေးစား တန်ဖိုးထားလာပါလိမ့်မယ်၊ လေးစား တန်ဖိုး ထားကြပါမယ့် မီဒီယာ ဖြစ်ပါစေကြောင်းကိုလည်း စေတနာ ဗရပွနဲ့ လေးလေးစားစား ဆုမွန်တောင်းလို့ ၀မ်းပန်းတသာနဲ့ မှတ်ချက်ပေးရပါစေ။ CJ Myanmar မျှော်မှန်းထားသလောက် ပေါက်မြောက် အောင်မြင်ပါစေဗျာ။
(မျိုးသာထက် - BBC)

CJ တွေ လူထုသတင်းသမားတွေ ရှိနေတော့ နေရာစုံက ဖြစ်သမျှကို အားလုံး မျှဝေ သိရှိနိုင်ပါတယ်။ ဒါပေမဲ့ ခိုင်မာတဲ့သတင်း၊ မှန်ကန်တဲ့သတင်းမျိုးတွေုဖြစ်ဖိုကတော့ လိုပါတယ်။ အများကိုသော်လည်းကောင်း၊ တစ်ဦးတစ်ယောက်ကိုသော်လည်းကောင်း ဂုဏ်သိက္ခာကျစေပြီး နစ်နာမှုဖြစ်ပွားနိုင်တဲ့ သတင်းမျိုးဆိုရင်တော့ မီဒီယာသမားတွေ လိုက်နာသင့်တဲ့ ကျင့်ဝတ်တွေကို လိုက်နာပြီး သတင်းဖော်ပြကြဖို့လိုပါတယ်။
စတုတ္ထမဏ္ဍိုင်ဆိုတဲ့ မဏ္ဍိုင်တစ်ရပ်ထဲမှာ လူထုသတင်းသမားတွေပါဝင်ပြီး ကျန်တဲ့ မဏ္ဍိုင်တွေကို ထိပါးခြိမ်းခြောက်၊ အပြစ်ဆိုတာထက် အမှန်တကယ် တစ်ခုနဲ့တစ်ခု ထိန်းကြောင်း တည့်မတ်တဲ့အနေအထားနဲ့ ရပ်တည်သွားဖို့လိုပါတယ်။
သတင်းတွေကို ရှုမြင်တဲ့အခါမှာ စနစ်တကျရှုမြင်ပြီး ဘဏ်ပေါင်းစုံ၊ ရှုထောင့်စုံက ကြည့်မြင်ကာ အကောင်းမြင်စိတ်၊ ပြုပြင်ဆောင်ရွက်လိုစိတ်ကို အခြေပြုပြီး သတင်းတွေဖော်ပြသွားရင် အကောင်းဆုံးပါပဲ။
အဖြစ်အပျက်တွေကို ဖော်ပြရာမှာလည်း ဓာတ်ပုံများမှာ မဖော်ပြသင့်တာကို မဖော်ပြဖို့ လိုပါတယ်။ ပြုပြင်ဖို့ဆိုပြီး လိုအပ်သည်ထက် ပိုမိုဖော်ပြလိုက်ရင် ဖော်ပြပုံကြောင့် ပုံစံ ပြောင်းသွားတတ်ပါတယ်။ ကလေးသူငယ်များ၊ အမျိုးသမီးများနဲ့ သက်ဆိုင်တဲ့ ဖော်ပြချက်များမှာ သူတို့ရဲ့ အခွင့်အရေးတွေ၊ ဂုဏ်သိက္ခာတွေ၊ ဘ၀ရှေ့ရေးတွေကို ပိတ်ပင်တားဆီးမိတာမျိုး မဖြစ်ဖို့ ဆင်ခြင်ဖော်ပြသင့်ပါတယ်လို့ ပြောပါရစေ။
(ကိုထိပ် - The Trade Times)

သတင်းထောက်ကတော့ လူတယောက်လောက် သေတဲ့အမှုကို သတင်းအကြီးလို့ မထင်ဘူးပေါ့ဗျာ။ စီဂျေ တယောက်ကတော့ သူ့မိသားစု အိမ်နီးနားချင်းဆို တဘ၀စာလောက် ကြီးကျယ်တာ တခါတလေ အတည်ပြုဖို့ ခက်ခဲတာကလွဲရင်
လူတိုင်းသတင်းထောက် ဖြစ်လာရင် ဘာမှ ဖုံးကွယ်ထားလို့ မလွယ်တော့တာပေါ့။
(သန်းဝင်းထွဋ် - DVB)

Citizen Journalists တွေက လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်၊ လွတ်လပ်စွာ ထုတ်ဝေခွင့်တွေကို ယုံကြည်ကြသူတွေဖြစ်တယ်၊ တန်ဖိုးထားသူတွေဖြစ်တယ် လို့ မြင်ပါတယ်… သတင်းမီဒီယာ အားလုံးလည်း ထိုနည်းတူပါ..အဲဒါတွေအားလုံးမရှိပဲ စတုတ္ထမဏ္ဍိုင် မတည်တံ့နိုင်ပါ…. စတုတ္ထမဏ္ဍိုင်မခိုင်မြဲပဲ လွတ်လပ်ပြီး တရားမျှတတဲ့ ဒီမိုကရေစီနိုင်ငံမဖြစ်နိုင်ပါ….
(စိုးဝင်းငြိမ်း freelance Photojournalist )

CJ သို့ မဟုတ် လူထုကြားကသတင်းသမား...
Journalists သတင်းသမားဆိုသူတွေကို ကိုယ်ရေးကိုယ်တာ၊ ကိုယ်ကျိုးအတွက် အသုံးချလိုသူတွေက “Crown မပါတဲ့ ဘုရင် ” လို့  တင်စားကာ VIP သဖွယ်ရှေ့ တန်းတင်လာကြတာကို အဟုတ်ထင်ပြီး ဂုဏ်ယူတဲ့ နေ့ ကစလို့ မီဒီယာ လောကဟာ “ခေါင်းမပါတဲ့ ဘုရင် ” နဲ့ ပြည့်နက်ကုန်တော့မှာဖြစ်တဲ့အတွက် ကျွန်တော်တို့ ရဲ့သန်း၆၀သောလူထုမှာ ( ဘုရားဟောတရား မိမိကိုယ်သာကိုးကွယ်ရာ အဖြစ်နဲ့ )ဆင်ခြင်သိတွေ ရှိရတော့မှာဖြစ်ပါတယ်။သတင်းသမားဆိုသူတွေ VIPခုံတန်းမှာမှိန်းမောနေတဲ့ အခါ Citizen Journalists (တနည်း) လူထုသတင်းသမားများအပေါ် ကျွန်တော်တို့ လူထုက ပိုအားကိုးအားထားပြုလာရတော့မှာဖြစ်ပါတယ်။
“သတင်းမီဒီယာရဲ့ လွတ်လပ်ခွင့်ကိုကျင့်သုံးရာမှာ အမှီအခိုကင်းတဲ့ မီဒီယာ မရှိမဖြစ်လိုအပ်တယ်”လို့ ဆိုထားလေတော့ Journalistဘ၀နဲ့  မြေကွက်လျှောက်ဖူး၊ ဖုန်းလျှောက်ဖူး၊ မီနီဆလွန်းလျှောက်ဖူးသူတွေနဲ့ ဘာဘာညာညာ အခွင့်အရေးတွေကို အာဏာပိုင်ဆီက လက်ဖြန့် တောင်းခံဖူးသူတွေဟာ အမှီအခိုမကင်းတဲ့ သူတွေဖြစ်လို့ သတင်းမီဒီယာရဲ့ လွတ်လပ်ခွင့်ကို ဘယ်လို့ မှ ကျင့်သုံးနိုင်မှာမဟုတ်ဘူးလို့ ယုံကြည်တဲ့ အတွက် “ခေါင်းမပါတဲ့ ဘုရင်”တဖြစ်လဲ ၊ စတုတ္ထမဏ္ဍိုင်နဲ့မြေကွက်၊ ဖုန်း၊မီနီဆလွန်း အစရှိတာတွေ လဲခဲ့သူ Journalistတွေ၊ Editorတွေဟာ Citizen Journalists တွေလောက်မှ လူထုအားထားလောက်သူတွေမဟုတ်ကြောင်း ကျွန်တော်အမြင်ကိုသဘောထားပေးလိုက်ရပါတယ်။
CJ သို့ မဟုတ် လူထုကြားကသတင်းသမားတွေကိုအလေးထားတဲ့ ...
( ကိုမျိုး(မြန်မာစာ)၊ လတ်တလောအလုပ်၊ အယ်ဒီတာချုပ်၊ ပေါ်ပြူလာဂျာနယ် )

Citizen Journalist တွေရဲ့ အခန်းကဏ္ဍဟာ ဒီနေ့ခေတ် လူ့အဖွဲ့အစည်းရဲ့ အဓိကအရေးပါဆုံး နေရာမှာရှိနေတယ်ဆိုတာ 2007 ခုနှစ် ရွှေဝါရောင်တော်လှန်ရေး၊ Safferon Revolution နဲ့ 2010 တူနီးရှား၊ အီဂျစ်၊ အာရပ်နွေဦး လူထုတော်လှန်ရေးများက သက်သေထူခဲ့ပြီးဖြစ်တယ်။ မြန်မာနိုင်ငံအဖို့ ဂုဏ်ယူစရာကောင်းတာကတော့ 2007ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုမှာ Citizen Journalists များ ထိပ်ဆုံးက ပါဝင်ခဲ့တယ်ဆိုတာပါပဲ။ အဲဒီအချိန်တုန်းက ခုလောက် သတင်းလွတ်လပ်မှု မရသေး၊ အင်တာနက် သုံးစွဲမှု ကျယ်ပြန့်ခြင်းမရှိသေးပေမယ့် သံဃာ့လှုပ်ရှားမှုသတင်းတွေ၊ ဓာတ်ပုံတွေဟာ ပြည်တွင်း Citlizen Jornalists များ ကတစ်ဆင့် ကမ္ဘာ့မီဒီယာတွေပေါ် ပျံ့နှံ့ ရောက်ရှိခဲ့တယ်။ ဒီနေ့အချိန်အခါမှာလည်း Facebook ပေါ်က Citizen Journalists များကြောင့် စက္ကန့်မလပ်ဖြစ်ပေါ်နေတဲ့ သတင်းတွေကို ကျွန်တော်တို့ လက်ဆင့်ကမ်းရရှိနေကြတယ်။ အမှန်တရားကို မြတ်နိုးတဲ့ Citizen Journalists များ အနေနဲ့ ရှေ့ဆက်ပြီး ကျွန်တော်တို့ လူ့အဖွဲ့အစည်း ကောင်ကျိုးအတွက် တစ်တပ်တစ်အား ထမ်း ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။
(ချစ်ဝင်းမောင်၊ အယ်ဒီတာချုပ်၊ တက်လမ်းအားကစားဂျာနယ်)

သတင်းဆိုတာ လူသားတိုင်းနဲ့ သက်ဆိုင်တယ်။ ဒီမိုကရေစီနိုင်ငံအဖို့ သတင်းမဏ္ဍိုင် (စတုတ္ထမဏ္ဍိုင်) ဟာ မရှိမဖြစ် အရေးကြီးတာကြောင့် နိုင်ငံသားတိုင်းမှာ သတင်းပေးပိုင်ခွင့်၊ သတင်းထုတ်ဖော်ပိုင်ခွင့်၊ သတင်းရယူပိုင်ခွင့်ရှိရမယ်။ CJ Myanmar ကလည်း နိုင်ငံသားထဲကဖြစ်လို့ သတင်းနဲ့ တစ်သားတည်းဖြစ်နေရပါမယ်။ ဒီတိုင်းပြည်မှာ ဒီနေ့ထိ အရေးတကြီးလိုအပ်နေဆဲဖြစ်တဲ့…
(၁) ငြိမ်းချမ်းရေး၊ အမျိုးသားရင်ကြားစေ့ရေး။
(၂) ပြည်သူလူထု၏ လိုအပ်မှုနှင့် ဆန္ဒမှန်ဖော်ထုတ်ရေး။
(၃) စာပေယဉ်ကျေးမှုထိန်းသိမ်းရေး။
(၄) အမျိုးသားလက္ခဏာဖော်ဆောင်ရေး ဆိုတဲ့ အချက် (၄)ချက်အောက်က သတင်းတွေ ရယူတင်ပြနိုင်ရပါမယ်။ ဒီအချက်တွေဟာ သတင်းစာဆရာဘိုးအေ ဆရာကြီး သခင်ကိုယ်တော်မှိုင်းလက်ထက်ကတည်းက ကိုင်စွဲခဲ့တဲ့ “ချိုးဖြူ၊ တူတံစဉ်၊ စာအုပ်၊ ကဒေါင်းရုပ်” သင်္ကေတတွေရဲ့ အနက်အဓိပ္ပာယ်ပါပဲ။ ဒီ အချက် ၄ ချက်ဟာ ဒီနေ့အထိ ဒီတိုင်းပြည်မှာ အရေးတကြီးလိုအပ်နေဆဲပါ။
(ဆူးငှက်)

သတင်းမီဒီယာရဲ့ လွတ်လပ်ခွင့်ကို ကျင့်သုံးရာမှာ အမှီအခိုကင်းတဲ့ မီဒီယာ ဖြစ်ကိုဖြစ်သင့်ပါတယ်၊ Citizen Journalists (တနည်း) လူထုသတင်းသမားဆိုတာလေးကို ယုံကြည်စွာနဲ့ စောင့်ဖတ်ဖြစ်ပါတယ်၊ မလိမ်တမ်းပြောရရင်တော့ အခုခေတ်သတင်းသမားတွေ(ကျွန်တော်အပါအ၀င်)ဟာ NLDကို မသိမသာရော သိသိသာသာပါ အလေးပေးရေးသားနေကြပါတယ်။ ဒါကိုလည်း မှားတယ်လို့ပြောလို့ မရပါဘူး။ NLDဟာ တစ်သက်လုံး အနှိမ်ခံ အနှိပ်ခံရပ်တည်နေခဲ့ရတဲ့နိုင်ငံရေးပါတီတစ်ခုပါ။ကျွန်တော်တို့ စာရေးတဲ့သူတွေရဲ့ စိတ်ခံစားချက်ကလည်း အားနည်းသူကိုဖေးကူချင်တဲ့သူတွေကိုးခင်ဗျ၊ ဒီတော့ အားနည်းတဲ့ NLDကိုအခုအချိန်မှ ဖေးမရေးသားနေပေမယ့်လည်း တစ်ချိန်NLDအာဏာရလာရင် ကျွန်တော်ဘယ်လိုရပ်တည်မှာလဲဆိုတာကို NLDအမတ်တစ်ယောက်ကို ကျွန်တော်ပြောဖူးတာလေးပြန်ပြောပြချင်ပါတယ်၊ ၁၉၉၀အနိုင်ရ NLDအမတ်တစ်ဦးက ကျွန်တော်ရေးတဲ့ ထိကပါးရိကပါးစာတွေကို သဘောကျတဲ့အကြောင်း လာပြောလေ့ရှိပါတယ်။ တစ်ရက်တော့ သူ့ကို ကျွန်တော်ပြောဖြစ်ပါတယ်။ “ခင်ဗျားတို့အစိုးရမဖြစ်ခင်တော့ ကျွန်တော်စာတွေသဘောကျမှာပေါ့။ ကျွန်တော်စာတွေက အခြေခံလူထုရဲ့ ဘက်ကိုလိုက်ပြီးရေးနေကိုး။ အဲခင်ဗျားတို့ အစိုးရဖြစ်လာရင်လည်း လူထုတွေရဲ့ အခက်အခဲတွေ ဒုက္ခတွေ အနိုင်ကျင့်ခံရတာတွေကို ကျွန်တော်တို့ကရေးနေရဦးမှာပဲ။ အဲဒီအခါ ခင်ဗျားတို့က ဘာပြောမလဲသိလား။ မသိရင် မှတ်ထား။ ကျွန်တော်ကြိုပြောထားမယ်။  မင်းတို့မီဒီယာတွေက ငါတို့ လုပ်ချင်တာတွေကို ဆန့်ကျင်ပြီးလူထုဘက်လိုက်ပြီးရေးနေတာပဲ။လူထုဆိုတာ ဘာနားလည်းလို့လဲ။ မင်းတို့ကရော အုပ်ချုပ်ရေးကို ဘာနားလည်လို့လဲဆိုတာဖြစ်လာမယ်။ မယုံရင် ကျွန်တော်အခုပြောတာတွေအသံဖမ်းထား။ တစ်ချိန် အဲဒီအတိုင်းဖြစ်လာဦးမှာ။ အဲဒီလိုဖြစ်မယ့်အချိန်ဟာ ဘယ်အချိန်လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည် မရှိတော့တဲ့ အချိန်လို့”၊ ဒါပါပဲ၊ ခုအချိန်ဟာ အမေစုကိုပဲ ယုံတယ်။ ဒီတော့ ဘက်လိုက်မှုကတော့ အနည်းနဲ့ အများရှိနေရဦးမှာပဲ၊ ဘက်မလိုက်ရဘူးဆိုတာ ကျွန်တော်ကတော့ လက်မခံပါဘူး၊ ဘက်လိုက်ရေးရမှာပါပဲ၊ ဘယ်ဘက်လည်းဆိုတော့ “လူထုရဲ့ဘက်ကိုပါ”...၊ Citizen Journalists (တနည်း) လူထုသတင်းသမားဆိုတာကိုလည်း ဘက်လိုက်ရေးသားတဲ့ မီဒီယာတစ်ခုဖြစ်စေချင်တယ်.. လူထုရဲ့ဘက်ကိုပေါ့...
(ဟာဂျူလီ.ကသာ)

သတင်းမီဒီယာတိုးတက်ဖြစ်ပေါ်လာရေးမှာလည်း Citizen Journalists တွေရဲ့ အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။သူတွေတွေကလည်း လူထု သိချင် တဲ့ သတင်းတွေ၊ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေ တွေကို သူတို့ လုပ်ပေးနိုင်တဲ့ အတိုင်းအတာ နဲ့ ဆောင်ရွက်နေတာကို တွေ့ရတယ်။ citizen Journalists တွေရဲ့ အခန်းကဏ္ဍဟာ လျှစ်လျူ ရှုလို့ မရဘူးဆိုတာကို နိုင်ငံတကာမှာပါ ပိုမိုတွင်ကျယ်စွာ နဲ့ အစောပိုင်းကာလတွေကတည်းက လက်ခံ နေတာ တွေ့ရမှာ ဖြစ်တယ်။ မြန်မာ နိုင်ငံ မှာတော့ ယခု မျက်မှောက် ကာလ တွေမှာ လူထု တွေက သတိထားစပြုလာ ပါပြီ။ ဒါဟာ သူတို့ တွေရဲ့ သတင်းရေးသားဖော်ပြမှု တွေနဲ့ ဆက်နွယ် ပြီး ဖြစ်ပေါ်လာတဲ့ အချက် တစ်ချက် ဖြစ်ပါတယ်။
(မျိုးမျိုး)

Citizen Journalists (၀ါ) လူထုသတင်းသမားဆိုတာ ခေတ်အဆက်ဆက်ရှိခဲ့တယ်လေ၊ ၁၉၃၁- ဆရာစံ လယ်သမား သူပုန်ထစဉ်က ပြည်မြို့ အပျော်တမ်းဓာတ်ပုံဆရာ ဒူရဂါးပရာဆတ်ဆိုသူ အမှတ်မထင်ရိုက်ကူးခဲ့တဲ့ သူပုန်ခေါင်းပြတ် ဓာတ်ပုံကြောင့် ဘိလပ်ပါလီမန်မှာ မိုးမီးလောင်ခဲ့ပြီးမေးခွန်းထုတ်စရာဖြစ်ခဲ့တယ်မလား။ အဲဒီ ဒူးရဂါးဟာ အခုခေတ်အခေါ် CJ ပဲပေါ့။ ဒါကြောင့် တတ်စွမ်းတဲ့ဘက် ကွက်လပ်ဖြည့်ပေးနေတဲ့ ကြီးဒေါ်နွားကျောင်းသူတွေ ရှိသင့်တယ်လို့ ထင်တယ်။
( ရန်ပိုင်(ဧရာဝတီ) )

Citizen Journalists ဆိုတာ ခုနောက်ပိုင်း တော်တော် လူပြောများပါတယ်။ သာမာန်အရပ်သားတယောက်လည်း ရှိတဲ့ ဓာတ်ပုံကင်မရာ၊ ဗီဒီယိုကင်မရာတွေနဲ့ မှတ်တမ်းတင်ခွင့်ရှိပါတယ်။ ဖြန့်ဝေခွင့်ရှိပါတယ်။ ဒါဟာ လူ့အခွင့်အရေးဖြစ်သလို  နိုင်ငံသားအခွင့်အရေးလည်းဖြစ်ပါတယ်။ မေးခွန်းလေးတော့ ရှိတာပေါ့ ... ကင်မရာရှိတိုင်းလည်း သတင်းသမား ဖြစ်နိုင်မလားဆိုတာ။ အမှားအမှန်နဲ့ ဘက်လိုက်မှုမရှိအောင် တာဝန်ခံဖို့လည်း လိုတယ်။
(ကိုဝိုင်း-Freelance-Senior reporter)


CJ-999 စုစည်းသည်။


No comments:

Post a Comment