နအဖ၏ ၂၀၁၀ ရွေးကောက်ပွဲအခက်အခဲမှ အပြီးသတ်တိုက်ပွဲသို့ 
သြဂုတ်လ၊ (၂၁) ရက် ၊ ၂၀၁၀(၁) ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံကြီးနောက်ပိုင်း (၂၂)နှစ်တာကာလအတွင်း အာဏာကို မတရားသိမ်းပိုက်ရယူထားသော နအဖ စစ်အာဏာရှင်၏ ပြည်သူလူထုအပေါ် ဖိနှိပ်ရက်စက်မှု ၊ ဥပဒေလက်လွတ်ပြုမူမှူ ၊ ကတိမတည်မှုများသည် ၎င်းတို့၏ အတွင်းသဘော ထားမှန်များဖြစ်ကြောင်း ပေါ်လွင်နေပြီဖြစ်သည် ။
(၂) နအဖသည် (၂၀၀၈)ဖွဲ့စည်းပုံဖြင့် မိမိကိုယ်မိမိ တဖက်သတ်လွတ်ငြိမ်းချမ်းသာခွင့်ပေးထားပြီးဖြစ်သည် ။ ယခုတဖန် ရွေးကောက်ပွဲ ပြုလုပ်၍ တရားဝင်အစိုးရအနေဖြင့် တရားဝင်အုပ်ချုပ်ဦးမည်ဖြစ်သည် ။ နအဖသည် ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် နိုင်ငံရေးအ ကျဉ်းသားများကို ဓါးစာခံများအဖြစ်အသုံးချ၍ အလဲအလှယ်လုပ်ကာ ဒီမိုကရေစီရရှိရေးတိုက်ပွဲကို လှည့်စားသွားဦးမည်ဖြစ်သည် ။ တော်လှန်ရေးသက်ဆိုးရှည်သွားတော့မည်ဖြစ်သည် ။
(၃) ရိုးသားဖြူစင်လှစွာသော ရဟန်းရှင်လူ ကျောင်းသားလူငယ်အပေါင်းက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရရှိရေး လှုပ် ရှားမှုများကို ရှေ့တန်းမှအသေခံ၍ တိုက်ပွဲဝင်နေကြခြင်း၏ အဓိကပန်းတိုင်မှာ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေး၊ ဒီမိုကရေစီတည် ဆောက်ရေးပင်ဖြစ်သည် ။
(၄) ထိုပန်းတိုင်သို့ အရောက်ချီတက်နေသောကာလများအတွင်း မိမိတို့ ဒီမိုကရေစီအင်အားစုများမှာ ပြဿနာပေါင်းများစွာနှင့် ရင်ဆိုင် ခဲ့ကြရသည် ။ အဓိကအကျဆုံးပြဿနာမှာ ပြတ်သားသော နိုင်ငံရေးအတွေးအခေါ်မရှိခြင်းပင်ဖြစ်သည် ။ စစ်အာဏာရှင်များကို ပြည် သူ့ ရန်သူအဖြစ် ပြတ်ပြတ်သားသားမသတ်မှတ်ခဲ့ခြင်း ၊ စစ်အာဏာရှင်များကို လျှော့တွက်ခဲ့ခြင်း ၊ ပြည်သူ့ဘ၀ကို အာမခံချက်ပေး သော ခိုင်မာသည့် နိုင်ငံရေးလမ်းစဉ်မရှိခဲ့ခြင်းနှင့် တခုတည်းသော မဟာဗျူဟာမရှိခဲ့ခြင်းတို့ကြောင့်ဖြစ်သည် ။
(၅) ကျွန်ုပ်တို့ခေါင်းဆောင်များ လွတ်မြောက်ရေးအတွက် နအဖနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဝင်ရေးမှာ လွန်ခဲ့သည့်(၂၂)နှစ်ကတည်း ကပင် ကျွန်ုပ်တို့အတွက် မလွှဲမရှောင်ရင်ဆိုင်ရမည့်အချက်ဖြစ်သည် ။ အောင်ပွဲသည် တိုက်ပွဲဝင်ရဲသူတို့အတွက်သာဖြစ်သည် ။ တိုက်ပွဲ ၀င်မှသာ ကျွန်ုပ်တို့ခေါင်းဆောင်များသာမက မြန်မာပြည်သူလူထုတရပ်လုံးပါ လွတ်မြောက်မည်ဖြစ်သည် ။ စစ်အာဏာရှင်များသည် မိ မိသဘောဆန္ဒဖြင့် အာဏာကိုလက်လွှတ်သွားသည့်သာဓက မည်သည့်ကမ္ဘာ့သမိုင်းစာမျက်နှာတွင်မျှမရှိခဲ့ချေ ။ နည်းလမ်းပေါင်းစုံဖြင့် တိုက်ပွဲဝင်ရမည်မှာဧကန်မလွဲပေ ။ ယနေ့အချိန်သည် နိုင်ငံရေးဦးဆောင်မှုကို စောင့်စားနေရမည့် အချိန်မဟုတ်တော့ပေ ။ ဒီမိုကရေစီ အင်အားစုများအနေဖြင့် ပြည်သူ့ဆန္ဒသဘောထားအပေါ်အခြေခံ၍ အဆုံးအဖြတ်ပေးနိုင်သော ခွန်အားရှိသည့် အစုအဖွဲ့ပုံသဏ္ဍာန် မ ဖြစ်ဖြစ်အောင် ဖော်ဆောင်စုစည်း တည်ဆောက်ရမည့်အချိန်ဖြစ်သည် ။
(၆) လာမည့် နိုဝင်ဘာ(၇)ရက်နေ့သည် ကျွန်ုပ်တို့အတွက် ရင်ခုန်စရာနေ့ရက်မဟုတ် ။ ကျွန်ုပ်တို့ပန်းတိုင်သည် ထိုနေ့မတိုင်မှီတွင် လည်းဖြစ်နိုင်၏ ၊ ထိုနေ့နောက်ပိုင်းတွင်သော်လည်းဖြစ်နိုင်၏ ၊ ကျွန်ုပ်တို့ပန်းတိုင်ကိုရောက်ရန် (ဖဆပလ)နှင့် တောင်အာဖရိကနိုင်ငံမှ (ANC)ကဲ့သို့စုစည်းမှုဖြင့် နအဖကို ရန်ငါစည်းပြတ်၍ နည်းလမ်းပေါင်းစုံဖြင့် ထိပ်တိုက်ရင်ဆိုင် အပြုတ်တိုက်နိုင်မည့် ပြည်တွင်း၊ နယ် စပ်နှင့် ပြည်ပအင်အားစုများ အားလုံးပါဝင်သော နိုင်ငံတကာဆိုင်ရာ မြန်မာပြည်လွတ်မြောက်ရေး ကွန်ဂရက်ကြီးတရပ် အမြန်ခေါ်ယူ ကျင်းပကြရမည်ဖြစ်သည် ။ ထိုနေ့သည်သာ ကျွန်ုပ်တို့အတွက် စစ်အာဏာရှင်ကို စိန်ခေါ်နိုင်သော အောင်ပွဲနေ့ဖြစ်ပေလိမ့်သည် ။
စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေး ကွန်ဂရက်ကြီးတရပ် ပေါ်ပေါက်ရေးသည် မြန်မာနိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည် ။
ဒီမိုကရေစီစနစ်တည်ဆောက်ရေးသည် မြန်မာနိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည် ။
အလုပ်အမှူဆောင်ကော်မတီ
နိုင်ငံတကာမြန်မာအမျိုးသားကွန်ဂရက်ဖောင်ဒေးရှင်း( IFBNC )
No comments:
Post a Comment